ဒီဇင်ဘာ ၂၀

 

ပီရူးနိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူလေးဦး ပထမဆုံးတွေ့ရှိကြောင်း အတည်ပြုခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဟာနန်ဒိုစီဗယ်လော့က ယမန်နေ့က ပြောကြားသည်။

 

အဆိုပါကူးစက်ခံရသူများအနက် တစ်ဦးသည် တောင်အာဖရိကမှပြန်ရောက်လာသူ အမျိုးသမီးတစ်ဦးဖြစ်ပြီး အခြားတစ်ဦးသည် ပီရူးကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သည်ဟု စီဗယ်လော့ကဆိုသည်။ ယင်းကူးစက်ခံရသူများ အားလုံးသီးသန့်ခွဲခြား နေထိုင်လျက်ရှိကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

 

အိုမီခရွန်ဗိုင်းရပ်စ် ပထမဆုံးကူးစက်ခံရမှုကိုအတည်ပြုပြီးနောက် ပြည်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံကြရန် တိုက်တွန်းပြောကြားထားပြီး စီဗယ်လော့က ဝန်ကြီးဌာနကျွမ်းကျင်သူများအား အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့သည်။

 

ထိုဝန်ကြီးက ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်များတွင် သတိထားနေထိုင်ကြရန်ပြောကြားခဲ့သော်လည်း ကိုဗစ်တတိယလှိုင်း ကူးစက်မှုမရှိသော ပီရူးတွင် မကြာသေးမီရက်သတ္တပတ်များအတွင်း ရောဂါ ကူးစက်မှုများမြင့်တက်လာသည်။

 

ပီရူးနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူပြီးသူ ၄၇ ဒသမ ၁ သန်းကျော်ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၂၂၆၃၇၃၉ ဦးရှိပြီး သေဆုံးသူ ၂၀၂၁၅၄ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို