ဖေဖော်ဝါရီ ၇
ပီရူးနိုင်ငံတောင်ပိုင်း အီကွစ်ပါဒေသရှိ ကာမန်နာပြည်နယ်တွင် ရွှံ့မြေပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် လူရှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ငါးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း အမျိုးသားအရေးပေါ်လုပ်ဆောင်ရေးအဖွဲ့ (စီအိုအီးအင်န်)က ယမန်နေ့ကအတည်ပြုပြောကြားသည်။
ပြီးခဲ့သည့်သီတင်းပတ်ကုန်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မာရီနိုနီကိုလပ်ဗာကာဆဲလ်ခရိုင်ရှိ ပမ်ပေလီမာ၊ ဗီနာဒိုဒီအိုရို၊ အင်ဖာနေလ်လို၊ ဆန်မာတင်၊ မစ်ကီနှင့် စီကိုခါဒေသတို့အပါအဝင် နေရာအများအပြားတွင် ရွှံ့မြေပြိုကျမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
မစ်ကီနှင့် ဆန်မာတင်စသည့်သတ္တုတွင်းတူးဖော်ရာဒေသများတွင် သတ္တုတွင်းအလုပ်သမားများ ဒေသဉမင်လိုဏ်ခေါင်း ဖောက်လုပ်နေစဉ် မြေပြိုမှုများကြောင့် ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါလမ်းကြောင်းရှိ နေအိမ်များအပါအဝင် ထုထည်ကြီးမားသောရွှံ့မြေထုများနှင့် ကျောက်တုံးကြီးများ ပြိုကျနေပုံကို ဒေသခံများ ထိတ်လန့်စွာကြည့်ရှုနေသည့်ရုပ်သံဖိုင်ကို လူမှုမီဒီယာတွင် ပြသထားသည်။
ထိုမြေပြိုမှုကြောင့် စီကိုခါ-ဆန်မာတင် အဝေးပြေးလမ်းမ အရှည် ၃ ကီလိုမီတာပြတ်တောက်သွားသဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီကို ယင်းဒေသများသို့ လေကြောင်းဖြင့်ပို့ဆောင်ပေးရန် ဒေသန္တရအာဏာပိုင်များက တောင်းဆိုထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို