ပိန်းဟင်းစားပွဲ 

၅ မေ

 


ရှေးနှစ်ပေါင်းများစွာကပင် ထင်ရှားကျော်ကြားလျက်ရှိနေသော ကံ့ကော်တောဘုရားဟု ခေါ်ဝေါ်နေကြသည့် ရှေးဟောင်းပေါ်တော်မူ မြတ်စွာဘုရားနှစ်ဆူသည်ကား ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းရှိ ကျောက်ဖြူမြို့နှင့် ငါးမိုင် အကွာ ဂုံးဂျွန်ရွာတောင်ဘက် ကံ့ကော်ပင်များရှိရာ အရပ်တွင်တည်ရှိသည်။ ကံ့ကော်တောဘုရားပွဲတော်ကို နှစ်စဉ် သင်္ကြန်လွန်စ ထူးမြတ်သော နှစ်ဆန်းတစ်ရက်နေ့ တွင် တစ်နေ့တည်းသာကျင်းပသော ဘုရားပွဲဖြစ်သည်။ အခြားဘုရားပွဲတော်များကဲ့သို့ အငြိမ့်၊ ဇာတ်ပွဲများ လုံးဝ မပါရှိပေ။ ပွဲတော်ရက်ကျင်းပသည့် နေ့လယ်တွင် ရခိုင် လူမျိုးတို့၏ ဘုရားပွဲတော်တိုင်းတွင် ပါရှိသည့် ရခိုင်ရိုးရာ ကျင်ပွဲတစ်ခုသာ ပါရှိသည်။ ပွဲတော်ရက်တွင် အနီးအနားရှိ ရွာပေါင်းများစွာမှ လှူဒါန်းဖွယ်ရာ ဆွမ်းအုပ်များ ကိုယ်စီရွက်၍ ဘုရားသိမ်တော်အား လှည့်ပတ်ဦးခိုက် ပူဇော်ကန်တော့ကြသည်မှာ ကြည့်ရှု၍မဆုံး အလွန်ကြည်နူးဖွယ် မြင်ကွင်းတစ်ခု ဖြစ်နေသည်။

 

နတန္

 


ကံ့ကော်တောဘုရားပွဲသည် ကျောက်ဖြူမြို့နယ်တွင် အထူးစည်ကားသော ဘုရားပွဲတော်တစ်ခုဖြစ်သည်။ နံနက်ပိုင်းတွင် ထမင်းနှင့် ပိန်းဟင်းစတုဒိသာကျွေးမွေးပြီး လျှာမယားယံသော ပိန်းဟင်းစားပွဲမှာ အလွန်စည်ကား သည်။ ကံ့ကော်တော ပေါ်တော်မူဘုရားပွဲတော်ရက်၌ စတုဒိသာကျွေးမွေးရာတွင် ကြက်၊ ဝက် အစရှိသော သတ္တဝါများ၏ အသက်ကို သတ်ဖြတ်ပြီး မကျွေးမွေးဘဲ ဘုရားဝင်းထဲရှိ အလေ့ကျပေါက်နေသော ပိန်းတောထဲမှ ပိန်းပင်များနှင့် အခြားနေရာမှ ဝယ်ယူထားသော ပိန်းပင်များဖြင့် နာမည်ကျော်ပိန်းဟင်းအား စတုဒိသာကျွေးမွေး သည်။ ထိုပွဲတော်ရက်၌ အလေ့ကျပေါက်နေသော ပိန်းပင် ၏ အရိုးများကိုပိုင်းဖြတ်ကာချက်ပြီး စတုဒိသာဟင်း အဖြစ် ကျွေးမွေးသည်မှာ ထူးဆန်းသည်။ ပိန်းဟင်းစားပွဲဟု ခေါ်ကြသည်။

 


ပိန်းပင်သည် ယားယံသော အပင်တစ်မျိုးဖြစ်သော် လည်း ပွဲတော်ရက်တွင် ကျွေးမွေးသော ပိန်းဟင်းသည် လုံးဝယားယံခြင်းမရှိဘဲ ဘုရားအနီးရှိ ပိန်းခင်းများမှ ပိန်းဟင်းကို တခြားနေရာများသို့ ယူဆောင်စားသုံးသော အခါ ယားယံမှုဖြစ်၍ ကံ့ကော်တောဘုရား၏ တန်ခိုးတော် အံ့ဖွယ်အလွန်ထူးဆန်းသည်။ ပိန်းပင်၊ ပိန်းဥ၏ သဘောကို အခြေခံအားဖြင့် လေ့လာကြည့်သောအခါ ပိန်းပင်၊ ပိန်းဥ အားလုံးလိုလိုစားလျှင် လျှာယားယံတတ်သည်။ သို့ပါသော်လည်း ကံ့ကော်တောဘုရားပွဲ ပိန်းဟင်း စတုဒိသာကျွေးမွေးပွဲ၌ လျှာယားယံခြင်း မရှိသည်မှာ အလွန်ထူးဆန်းသည်။ အနယ်နယ်အရပ်ရပ်မှ ပွဲတော်သို့ လာရောက်သူများ နာမည်ကျော်ပိန်းဟင်းအား စားဖူးလို၍ တိုးဝှေ့တောင်းယူ စားသောက်ကြသည်မှာ ပျော်စရာ တစ်မျိုးဖြစ်သည်။

 

နတအပမပ

 


ပိန်းဟင်းသည် ယားယံတတ်သော ဟင်းမျိုးဖြစ်၍ လူတိုင်းမစားဝံကြ။ အလွန်ကောင်းသော ပိန်းယဉ်မျိုး ဟင်းပင်လျှင် ခန္ဓာကိုယ်သွေးနှင့်မတည့်လျှင် ယားယံ တတ်သည်။ ထို့ကြောင့် ပိန်းဟင်းကို လူကြောက်ဟင်း ဟု ခေါ်ကြသည်။ သို့ပါသော်လည်း ကံ့ကော်တောဘုရား ပွဲတော်ရက်၌ စတုဒိသာချက်ကျွေးသော ပိန်းဟင်း သည်ကား လုံးဝလျှာယားယံခြင်း မရှိပါပေ။ ကံ့ကော်တော ဘုရားပွဲတော်၌ အစဉ်အလာမပျက် ချက်ကျွေးနေသော ပိန်းဟင်းမှလွဲ၍ မည်သည့်ဟင်းကိုမှ စတုဒိသာဟင်းအဖြစ် ပြောင်း၍ ချက်မကျွေး။ ပိန်းဟင်းသည်ကား ပွဲတော် လက်စွဲဟင်းဖြစ်သည်။ ကံ့ကော်တောဘုရားပွဲ၏ ထူးခြားမှု တစ်ခုအဖြစ် တခြားအချိန်၌ ချက်စားလျှင် လျှာယား ယံသော ပိန်းဟင်းမှာ ဘုရားပွဲတော်ရက်၌ လုံးဝ လျှာ မယားယံ၍ ဘုရားပွဲလာရောက်သူများ စတုဒိသာပိန်းဟင်း ကို အထူးကြိုက်နှစ်သက်ကြသည်။

 


ပွဲတော်လာ ထောင်ပေါင်းများစွာ ပရိသတ်အား စတုဒိသာပိန်းဟင်း ကျွေးမွေးနိုင်ရန် ဘုရားဝင်းထဲ၌ အလေ့ကျပေါက်နေသော ပိန်းတောထဲက ပိန်းပင်များ မလုံလောက်၍ ပွဲတော်မကျင်းပမီ တစ်ပတ်ခန့် ကြိုတင်၍ အရပ်တကာ၌ ပေါက်နေသော ပိန်းပင်များကို သွားရောက်ရှာဖွေထားကြရပြီး ပိန်းပင်ရိုးများအား ပိုင်းဖြတ်ကာ ဒယ်အိုးကြီးများဖြင့် ချက်ပြုတ်ကြသည်။ ယားယံသော ပိန်းဟင်းကိုချက်၍ ကျွေးမွေးပါသော်လည်း စားသောက်ရာတွင် လုံးဝယားယံခြင်းမရှိသည်မှာ အလွန်ထူးဆန်းပါပေသည်။ တချို့က ကံ့ကော်တောဘုရားပွဲသွားခြင်းအား ပိန်းဟင်းစားရန် သွားသည်ဟု တင်စားပြောဆိုတတ်ကြသည်။

 


နောက်တစ်ခု ထူးဆန်းသည်က ကျောက်ဖြူမြို့ရှိ ကံ့ကော်တောဘုရားဝင်းထဲ၌ သုံးစွဲ၍ မကုန်ခန်းသည့် နတ်ရေကန်ဟု ခေါ်ကြသော အံ့ဩဖွယ်ရေကန်ငယ် တစ်ခုရှိနေသည်။ အရပ်စကားဖြင့် ပြောကြသည့် နတ်ရေကန်ဆိုသည်မှာ ခြောက်သွေ့၍သော်လည်းကောင်း၊ သုံးစွဲ၍ သော်လည်းကောင်း၊ ကုန်ခန်းသွားခြင်းမရှိသဖြင့် တန်ခိုးကြီးကြောင်းနှင့် နတ်ပြန်ဖြည့်သည့် အလား တင်စားပြောဆိုသော စကားလုံးဖြစ်သည်။ ဘုရားသိမ်တော်အနီး တစ်တောင်ပတ်လည် ရှိ ကျောက်ရေကန်ငယ်အတွင်း၌ ရေအနက် နှစ်ပေခန့်ရှိသော်လည်း ရေကို အချိန်မရွေး ခပ်ယူနိုင်ပြီး ခန်းခြောက်သွားခြင်း မရှိပါ။ ရေကန်ငယ်၏ ပုံသ္ဌာန်မှာ လေးထောင့်ကျကျ ဆီထည့်သော ကန်တော့ပုံကဲ့သို့ အထက်ကျယ်၊ အောက်ကျဉ်း ရေအိုးတစ်လုံးသာ ဆံ့ရုံမျှ ရှိသည်။ ရေကန်အတွင်း ဆင်းနိုင်ရန် တံခါးငယ် နှစ်ပေါက်ရှိပြီး ကန်အတွင်းရေဆင်းခပ်နိုင်ရန် လှေကားထစ် ပြုလုပ်ထားသည်။ ပွဲတော်ရက်တွင် ဘုရားဖူးခရီးသည်များ၊ ပိန်းဟင်း စတုဒိသာ ကျွေးမွေးသူများ မည်မျှပင်ခပ်ယူစေကာမူ ကုန်ခန်းနောက်ကျိသွားခြင်းမရှိဘဲ ရေကန်ငယ်မှ ပွဲတော်တစ်ရက်အတွင်း လုံလုံလောက်လောက် အသုံးပြုနိုင်ကြသည်။ ထူးခြားသည်က အမျိုးသမီးများ ရေဆင်းမခပ်ရခြင်းဖြစ်သည်။

 


အလွန်ထူးဆန်းသော ဖြစ်ရပ်များနှင့်ပြည့်နှက်နေသည့် နှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပသော ကံ့ကော်တောဘုရားပွဲတော်တွင် နာမည်ကျော် ပိန်းဟင်းစားသုံးပြီး သုံးမကုန် မခန်းခြောက်သော နတ်ရေကန်အား ကြည့်ရှုနိုင်ဖို့ လာရောက်ကြပါရန် သတင်းကောင်း ပါးလိုက်ရပါသည်။

 


အောင်ကြည်မိုး(စစ်တွေ)