ပိန်းဇလုပ် ၁၀ ဩဂုတ်

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့၌ သြဂုတ် ၂ ရက် ည ၁၀ နာရီခန့်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းသည့် ရာသီဥတုဒဏ်ကြောင့် မြို့အဝင် မင်းလမ်းကား လမ်းမပေါ်မှ အရှည် ၁၅ ပေ ၊ အကျယ် ၁၅ ပေရှိ ရေနံ့သာချောင်းကူး ကွန်ကရစ်တံတားမှာ ရေတိုက်စားခံရ၍ ပြိုကျပျက်စီးကာ ရေထဲမျောပါခဲ့သဖြင့် လူနှင့်ယာဉ် သွားလာမှု အခက်အခဲဖြစ်ခဲ့ရာ ယင်းတံတားအသစ် ပြန်လည်မတည်ဆောက်မီ အများပြည်သူသွားလာနိုင်ရန် ယာယီဘေလီတံတားကို သြဂုတ် ၅ ရက် နံနက်ပိုင်းတွင် စတင်တည်ဆောက်ခဲ့ရာ သြဂုတ် ၉ ရက် ည ၇ နာရီခန့်တွင် ဆောက်လုပ်ပြီးစီးခဲ့၍ လူနှင့်ယာဉ်များ တံတားပေါ်မှ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

mdn

 

အဆိုပါတံတားအား ဟိုက်စတားကုမ္ပဏီက စက်ယန္တရားများ၏ အင်အားကိုအသုံးပြု၍ အမြန်ဆုံး တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားမှာ အရှည် ပေ ၆၀၊ အကျယ် ၁၂ ပေခန့်ရှိကြောင်း သိရသည်။

 

အဆိုပါလမ်းသည် ပိန်းဇလုပ်မြို့နှင့် ရန်ကုန်-မန္တလေး ကားလမ်းမကြီး (လမ်းဟောင်း) ကို ဆက်သွယ်ထားသည့် လမ်းတစ်ခုဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ထိန်းသိမ်းထားသည့် လမ်းဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့် ဓာတ်ပုံ- ပိန်းဇလုပ်သိန်းညွန့်

 

mdn