ရေးသားသူ Eaindray Kha
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.
ပိန်ဖို့အတွက် ပိန်ဆေးတွေသောက်၊ Gym တွေ ဆော့နေလား၊ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေကို ဖယ်ရှား ပစ်နိုင်ဖို့နဲ့ အဆီပိုတွေ လျှော့ကျသွားစေဖို့ဆိုတာ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုအပေါ်မှာ အများကြီး မူတည်ပါတယ်။ ပိန်ချင်တယ်ဆိုရင်တော့ အစားအသောက်လျှော့ချရမှာဆိုတာ ဟုတ်ပါတယ်။ လျှော့တာတောင်မှ ခန္ဓာကိုယ်အလေးချိန်တက်စေတဲ့ အစားအစာတွေကို လျှော့စား၊ ရှောင်စားရမှာပါ။ ဘယ်လိုအစားအစာတွေ ရှောင်ရမလဲဆိုတာ Hello Sayarwon ကနေ မျှဝေပေးမယ်နော်။
အာလူးကြော်အပါအဝင် ဆီကြော်မုန့်များ
ပိန်ဖို့ကြိုးစားနေတဲ့သူတိုင်း အာလူးကြော်လိုမျိုး ဆီနဲ့ကြော်ထားတဲ့ အစားအစာတွေကို ရှောင်စားရပါမယ်။ ဒီအစားအစာတွေက ကယ်လိုရီတွေတက်စေပြီး ဝတာတွေဖြစ်စေနိုင်ပါတယ်။
အချိုလွန်ကဲတဲ့ အချိုရည်များ
အချိုလွန်ကဲတဲ့ အချိုရည်တွေနဲ့ ဆိုဒါတွေကို မစွန့်လွှတ်နိုင်ဘူးဆိုရင်တော့ ပိန်ဖို့ မလွယ်ကူပါဘူး။ သကြားဓါတ် များတာက ကယ်လိုရီပိုတက်စေပြီး အဆီပိုတွေကို လျှော့ချမပေးနိုင်တာကြောင့် ခန္ဓာကိုယ်အလေးချိန် တိုးတာတွေ ဖြစ်လာစေနိုင်ပါတယ်။
ပေါင်မုန့်အဖြူ
ပေါင်မုန့်စားသုံးခြင်းက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် သကြားပါဝင်မှုမြင့်မားတဲ့ ပေါင်မုန့်ဆိုရင်တော့ ခန္ဓာကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ လေ့လာမှုတစ်ခုမှာတော့ တစ်နေ့ကို ပေါင်မုန့် ၁၂၀ ဂရမ် စားသုံးတဲ့ လူဦးရေ ၉၂၆၇ ဦးမှာ ၄၀ ရာခိုင်နှုန်းလောက်က အလေးချိန်တိုးလာခြင်းနဲ့ အဝလွန်ခြင်းတွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ပိန်ဖို့ကြိုးစားနေချိန်မှာတော့ သကြားပါတဲ့ ပေါင်မုန့်ရှောင်ပါ။
သကြားလုံး
သကြားလုံးတွေကတော့ ပိန်ချင်ရင်ရှောင်ရမှာပါ။ အပျင်းပြေတောင် စားလို့မရဘူးနော်။ သကြားလုံးမှာပါဝင်တဲ့ အချိုဓါတ်တွေက ကယ်လိုရီတွေများစေပြီး အာဟာရပေးစွမ်းနိုင်မှုကတော့ နည်းပါတယ်။ ချောကလက်နဲ့ ပြုလုပ်ထားတဲ့ သကြားလုံးမှာဆိုရင်တော့ ကယ်လိုရီ ၂၀ဝ ကနေ ၃၀ဝ ကြား ပါဝင်ပါတယ်။
အသီးဖျော်ရည်
အသီးဖျော်ရည်သောက်တာက ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ဒါပေမယ့် ပိန်ဖို့အတွက် ဆိုရင်တော့ သကြားနည်းဖို့လိုပါတယ်။ သကြားနည်းလေး ပိုကောင်းလေပါပဲ။ ထောပတ်သီးဖျော်ရည် သောက်မယ်ဆိုရင် သကြား၊ နို့ဆီတွေ လျှော့ထည့်ပါ။ ထောပတ်သီးက ပိန်ဖို့ကူညီပေးပေမယ့် သကြားနဲ့ နို့ဆီကတော့ ဝစေပါတယ်။ ဒါကြောင့် အသီးဖျော်ရည်သောက်မယ်ဆို သကြားလျှော့ပါ။
ကွတ်ကီး
ကွတ်ကီးနဲ့ ကိတ်မုန့်တွေလည်း ရှောင်စားပေးနိုင်ရင် အကောင်းဆုံးပါ။ ဘာလို့လဲဆိုတော့ ကွတ်ကီးတွေမှာ သကြားနဲ့ ပြုပြင်ထားပြီးသား အရသာမှုန့်တွေ ပါဝင်တာကြောင့်ပါ။ ဒါတွေဟာ trans fats အစားအစာတွေပါပဲ။ ဗိုက်ဆာတဲ့အခါမှာ ကွတ်ကီးတွေ အများကြီးစားမိနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ကယ်လိုရီတွေသာများလာပြီး အာဟာရ နည်းနည်းပဲဖြစ်မှာပါ။ အချိုစားမှဖြစ်မယ်လို့ စိတ်ကူးရင်တော့ အမည်းရောင်ချောကလက် နည်းနည်းလောက်သာ စားပေးပါ။
အရက်
အရက်နဲ့ ဘီယာကလည်း ဝစေတဲ့အရည်တစ်မျိုးပါ။ အရက်ဒါမှမဟုတ် (၁)ဂရမ်မှာ (၇)ကယ်လိုရီ ပါဝင်ပါတယ်။ နည်းနည်းပဲသောက်တာက ပြဿနာမရှိပေမယ့် များများသောက်မယ်ဆိုရင်တော့ ကယ်လိုရီတွေကြောင့် အဆီပိုတွေ စုလာပြီး ဝတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရက် ဘီယာတွေလည်း ရှောင်ရပါမယ်။
ပိန်ဖို့ကြိုးစားနေတဲ့ ကိုကို မမတို့ရေ အပေါ်မှာဖော်ပြခဲ့တဲ့ အစားအသောက်လေးတွေ အတတ်နိုင်ဆုံး ရှောင်ရှားရင်း ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အလေးချိန်လေး မြန်မြန်ရရှိပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"