ကလျာမိုးမြင့်
အမေရိကန်ပြည်ထောင်စုက အီရန်ရဲ့ ရေနံတင်ပို့တဲ့ နိုင်ငံတွေကို ပိတ်ဆို့မှုကနေ လွတ်ငြိမ်းခွင့် ပေးထားတာတွေကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ကြေညာလိုက်ပြီးတဲ့နောက်မှာ တူရကီနဲ့ အီရန်တို့ဟာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုကို ကျော်ဖြတ်နိုင်ဖို့အတွက် ကုန်ချင်းဖလှယ်တဲ့စနစ်ကို အသုံးပြုဖို့ ကြိုးပမ်းလာဖွယ်ရှိနေပါတယ်။ ပိတ်ဆို့မှုကနေ လွတ်ငြိမ်းခွင့်ပေးထားတာကို ရပ်ဆိုင်းလိုက်တာဟာ နေတိုးမဟာမိတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ထိခိုက်လာစေတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။
ကင်းလွတ်ခွင့်အဆုံးသတ်မည်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဓိကတင်ပို့တဲ့ နိုင်ငံတွေအနေနဲ့ ခွင့်ပြုပေးထားတဲ့ သက်တမ်း ကုန်ဆုံးချိန်ဖြစ်တဲ့ မေလအစောပိုင်းရောက်တဲ့အခါ အီရန်ရဲ့ ရေနံကို ဆက်လက် ဝယ်ယူဖို့ ခွင့်ပြုထားတဲ့ ပိတ်ဆို့မှု ကင်းလွတ်ခွင့်ကို ဆက်မပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ အိမ်ဖြူတော်က သတင်း ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်က ၂၀၁၅ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ အီရန်နျူကလီးယား သဘောတူစာချုပ်ကနေ နုတ်ထွက်သွားပြီးတဲ့နောက် နိုဝင်ဘာလမှာ အမေရိကန်အစိုးရဟာ အီရန်ရဲ့ ရေနံကို ဝယ်ယူတဲ့နိုင်ငံတွေအပေါ် အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ခဲ့ပါတယ်။
ဒေသတွင်းတည်ငြိမ်အေးချမ်းမှု မရနိုင်
အဲဒီအရေးယူပိတ်ဆို့မှုတွေကနေ နိုင်ငံတချို့ကို ခြောက်လတာ ပိတ်ဆို့မှု ကင်းလွတ်ခွင့်ပေးခဲ့တဲ့အထဲမှာ တူရကီနိုင်ငံလည်း ပါဝင်နေပြီး ကင်းလွတ်ခွင့်ဟာ လာမယ့် မေလ ၂ ရက် နေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ တူရကီက အီရန်ကနေ ရေနံတင်ပို့လာမှုအပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်တာကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့သလို ကင်းလွတ်ခွင့်ပေးထားတာကို အဆုံးသတ်ဖို့ အမေရိကန်ရဲ့ လုပ်ဆောင်ချက်က ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ဆောင်ကြဉ်းပေးနိုင်မှာ မဟုတ်ဘူးလို့လည်း သတိပေးလိုက်ပါတယ်။
အခွန်စည်းကြပ်မှုကို လက်မခံနိုင်
အီရန်ရဲ့ရေနံကို အလှည့်ကျရောင်းဝယ်မှုလုပ်ဖို့ ဆော်ဒီ အာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက အကြံပြုခဲ့တာနဲ့ပတ်သက်ပြီး တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလပ်ကာဗူဆိုဂလူက ဝေဖန်ရှုတ်ချလိုက်ပါတယ်။ တောက်လျှောက် လုပ်ဆောင်နေတဲ့ ပိတ်ဆို့မှုတွေကို လက်ခံမှာမဟုတ်သလို အိမ်နီးချင်းနိုင်ငံတွေနဲ့ ဘယ်လိုဆက်ဆံရေး ထူထောင်မယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မတန်တဆ အခွန်စည်းကြပ်မှုတွေ လုပ်ဆောင်တာကိုလည်း လက်မခံဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
စည်းမျဉ်းချိုးဖောက်နေ
အီရန်အပြင် တခြားနိုင်ငံတွေက ရေနံတွေဝယ်ယူအောင် ဖိအားပေးဖို့လုပ်လာတော့မယ်၊ အမေရိကန်ရဲ့လုပ်ပုံက ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ကြီး (WTO)ရဲ့ စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်နေတာပဲလို့ ၎င်းက ဆိုပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်ဖ်ဟာ အမေရိကန်က ပိတ်ဆို့မှုလွတ်ငြိမ်းခွင့်ကို အဆုံးမသတ်ခင် ရက်အနည်းငယ်အတွင်းမှာ နှစ်နိုင်ငံ ကုန်သွယ်ရေး ဆက်လုပ်ဖို့အတွက် အလှည့်ကျယန္တရား အစီအစဉ်တွေနဲ့ပတ်သက်ပြီး တူရကီအာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့ အန်ကာရာကို အလည်အပတ်ရောက်ရှိခဲ့ပါတယ်။ ဧပြီ ၁၇ ရက်နေ့က ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ချိန်မှာ နိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူက တူရကီနဲ့ အီရန်ဟာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကို ကျော်လွှားဖို့အတွက်နဲ့ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံတန်ဖိုးပမာဏ ကုန်သွယ်နိုင်ဖို့ အတွက် အလှည့်ကျယန္တရားလုပ်ဆောင်နိုင်ဖို့ကို ကြိုးပမ်းနေ တယ်လို့ ပြောကြားခဲ့ပါတယ်
စီးပွားရေးလွှမ်းမိုးမှု မရှိနိုင်တော့
အီရန်ဟာ တူရကီကို ရေနံနဲ့ ဓာတ်ငွေ့တွေ အဓိကပေးပို့နေတဲ့ နိုင်ငံဖြစ်တာကြောင့် အကယ်၍သာ အီရန်က ရေနံတွေတင်ပို့မှုကို အဆုံးသတ်လိုက်မယ်ဆိုရင် တူရကီဟာ အီရန်နဲ့ နှစ်နိုင်ငံ ဆက်ဆံရေးမှာရော စီးပွားရေးမှာပါ လွှမ်းမိုးမှုရှိတော့မှာ မဟုတ်ပါဘူး။ အီရန်အနေနဲ့က ရေနံစိမ်းတွေကို ၎င်းရဲ့ယှဉ်ပြိုင်ဘက်တွေ ထက်ပိုပြီး သာလွန်တဲ့ အနေအထားမျိုး။ ဥပမာ တူရကီအပါအဝင် တချို့နိုင်ငံတွေအတွက် ပိုနည်းတဲ့ ရေနံစည်ဈေးနှုန်းနဲ့ ပိုပြီးသင့်လျော်တဲ့ငွေပေးချေမှု ပုံစံမျိုး တင်ပို့ရတာကို ပိုနှစ်ခြိုက်တာ ဖြစ်ပါတယ်။ တူရကီဟာ နိုင်ငံတော်ငွေကြေးစနစ်ကို သုံးပြီးတော့လည်း နိုင်ငံတကာ ကုန်သွယ်ရေးကို မြှင့်တင်နေတယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ တူရကီနဲ့ အီရန်ဗဟိုဘဏ်တွေက ၎င်းတို့ရဲ့ ပြည်တွင်းငွေကြေးစနစ်နဲ့ ကုန်သွယ်မှုလုပ်ဖို့ သဘောတူ လိုက်ကြပါတယ်။
မပြေလည်မှုများ
သို့သော်လည်းပဲ တူရကီဟာ ဝါရှင်တန်နဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ နိုင်ငံရေး အခက်အခဲတွေကြောင့် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ကျော်လွှားဖို့နဲ့ အီရန်နဲ့ ကုန်သွယ်ဖို့က ခက်ခဲနိုင်တယ်။ ပြီးတော့ အီရန်နဲ့ ကုန်ချင်းဖလှယ်တဲ့စနစ်ကို ရေရှည်လုပ်သွားဖို့ကလည်း ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။ ပြီးတော့ ရုရှားလုပ် အက်စ် ၄၀ဝ ဒုံးကျည်တွေကို ဝယ်ယူဖို့ တူရကီက ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီးတော့လည်း အမေရိကန်နဲ့ မပြေလည်မှုတွေ ရှိနေပါတယ်။ ပြီးတော့လည်း အီရန်အပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်တယ်ဆိုပြီး တူရကီ- အီရန် နိုင်ငံသားလုပ်ငန်းရှင် ရီဇာဇာရက်ဘ်နဲ့ တူရကီငွေချေး လုပ်ငန်း Halkbank က ဒုတိယအမှုဆောင်ချုပ် မာမက် ဟာကန်အတီလာတို့ကို အမေရိကန်ပြည်ထောင်စုမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ကိစ္စကလည်း ရှိနေပါသေးတယ်။
ရေနံဝယ်ယူမှုကို တူရကီလျှော့ချခဲ့
အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့အတွက် အလှည့်ကျ ကုန်သွယ်ရေးယန္တရားနဲ့ပတ်သက်ပြီး ပြောကြတဲ့နေရာမှာ စီမံချက်အသစ်က အမေရိကန်နဲ့ တူရကီရဲ့ ယိုယွင်းနေတဲ့ ဆက်ဆံ ရေးအခြေအနေကို လုံးဝပြိုလဲသွားစေနိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက ဝေဖန် ထောက်ပြကြပါတယ်။ ဝါရှင်တန်က အီရန်ကို ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပြီး အီရန်ရဲ့ ရေနံတင်ပို့မှုကို သိသိသာသာ ကျဆင်းသွားစေခဲ့တဲ့ အချိန်ကတည်းက တူရကီဟာ လက်တွေ့ကျကျ နည်းဗျူဟာ တစ်ခုအတိုင်း လုပ်ဆောင်ခဲ့ပါတယ်။ တူရကီအစိုးရဟာ အီရန်နဲ့နိုင်ငံရေးအရ ဆက်ဆံမှုကို ဆက်လက် ထိန်းသိမ်းထားဖို့အတွက် အမေရိကန်က ချမှတ်တဲ့ ပိတ်ဆို့မှုတွေကို အပြောအားဖြင့် ကန့်ကွက်ဆန့်ကျင်နေပေမယ့် တကယ်တမ်းကျတော့ အီရန်ကနေ ရေနံစိမ်းဝယ်ယူမှုကို လျှော့ချလိုက်တာတော့ အမှန်ပဲလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
မြားဦးလှည့်
အမေရိကန်က အီရန်အပေါ်မှာ ပိတ်ဆို့မှုတွေပြန်လည် ချမှတ်မယ်လို့ မပြောခင်ကတည်းက တူရကီရဲ့ အကြီးဆုံး ရေနံကုမ္ပဏီဖြစ်တဲ့ Tupras ဟာ ပြီးခဲ့တဲ့ မေလကစပြီး အီရန်ရဲ့ ရေနံစိမ်းတွေဝယ်ယူမှုကို လျှော့ချလိုက်တာဖြစ်ပါတယ်။ နိုဝင် ဘာလအတွင်းမှာ ကုမ္ပဏီရဲ့ ရေနံတင်ပို့မှုဟာ သုညအထိ လျော့ကျသွားတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်မှာ အမေရိကန်က အီရန်နျူကလီးယား သဘောတူ စာချုပ်ကနေ နုတ်ထွက်တော့မယ်လို့ မကြေညာခင်မှာ တူရကီဟာ အီရန်က ရေနံစိမ်းတွေကို တစ်ရက်မှာ စည်ပေါင်း နှစ်သိန်းလောက် တင်ပို့ခဲ့တာဖြစ်ပြီး အီရန်က ရေနံတင်ပို့မှုကို လျှော့ချလိုက်တဲ့နောက် တူရကီ အနေနဲ့ အီရတ်ရဲ့ရေနံစိမ်းတွေဆီကို မြားဦးလှည့်ခဲ့ရတယ်လို့ ဆိုပါတယ်။
ချိုးဖောက်မှုမရှိဘဲ ဝယ်ယူမည်
၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ အီရန်ဟာ တူရကီရဲ့ တတိယအကြီးဆုံး ရေနံတင်ပို့မှုအရင်းအမြစ် ဖြစ်လာခဲ့ပြီး အီရတ်နဲ့ ရုရှားပြီးရင် စုစုပေါင်း ရေနံရဲ့ ၁၂ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ စွမ်းအင်ဈေးကွက် ပုံမှန်လည်ပတ်ရေး အာဏာပိုင်အဖွဲ့ရဲ့ ဖော်ပြချက်အရ တူရကီဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာ လကစပြီး အီရန်ကရေနံတွေကို တင်ပို့မှုမရှိခဲ့ပါဘူး။ ဒီဇင်ဘာလမှာတော့ ရေနံစိမ်းတန်ချိန်ပေါင်း ၁၀၄၀ဝ၀ ကိုတင်ပို့ခဲ့ပြီး ဇန်နဝါရီလမှာ ရေနံစိမ်းတန်ချိန် ၃၈၁၂၁၄ ကို တင်ပို့ခဲ့ပြီး အရင်နှစ် အဲဒီလကထက် ထက်ဝက်လောက်နီးပါးလျော့ကျ သွားခဲ့ပါတယ်။
အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်တာ အလျှင်းမရှိဘဲ တူရကီဟာ အီရန်ဆီက ရေနံတွေကို ဆက်လက် ဝယ်ယူသွားဦးမှာဖြစ်တယ်လို့ တူရကီသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ကာလင်က ပိတ်ဆို့မှုလွတ်ငြိမ်းပေးတဲ့ အချိန်ကာလကိုတိုးပေးဖို့ ရည်ရွယ်တဲ့ အမေရိကန်နဲ့တွေ့ဆုံမှု ပြုလုပ်ပြီး ရက်အနည်းငယ်အကြာမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ အီရန်စွမ်းအင်ဝန်ကြီး ဘီဂျန်ဇန်ဂီနက်ကတော့ အီရန်နိုင်ငံအပေါ် အမေရိကန်က ပိတ်ဆို့မှုတွေ ချမှတ်လိုက်ချိန်ကစပြီး တူရကီကလွဲလို့ ဥရောပနိုင်ငံတွေအားလုံးဟာ အီရန်ကနေ ရေနံတွေဝယ်ယူမှု မရှိကြတော့ဘူးလို့ ပြောကြားခဲ့ပါ တယ်။
ကိုးကား-ဆင်ဟွာ