လှိုင်သာယာ ၂၈ မေ
ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်(၃)နှင့် ဇုန်(၄)ကို ပိုင်းခြားထားသော ကျန်စစ်သားလမ်းမကြီးပေါ်ရှိ အကွက် အမှတ်(၂)၊ Roo Hsing အထည်ချုပ်စက်ရုံမှာ မေ ၂၇ ရက်ည(၉)နာရီ ၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များ အချိန်မီမီးငြှိမ်းသတ်မှုကြောင့် ပေ(၁၀ဝ×၃၀ဝ) အကျယ်ရှိသော ပိတ်စများဖြတ်သည့် အခန်းတစ်ခန်းသာမီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျန်သောစက်ရုံများမီးကူး စက်လောင်ကျွမ်းနိုင်မှုကို တားဆီးနိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ရခြင်း အကြောင်းရင်းမှာ ပေ(၁၀ဝ×၃၀ဝ)အကျယ်အဝန်းရှိ စက်ရုံတွင် ပေ(၁၀ဝ)ပတ် လည်ရှိသော ပိတ်စများဖြတ်သည့် မော်တာစက်အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး စက်ရုံဝန်ထမ်းများမှ DCP မီးသတ်ဆေးဘူး ၁၀ ဘူးဖြင့် ကနဦးငြှိမ်းသတ်ခဲ့သော်လည်း ဆက်လက် လောင်ကျွမ်းမှုကြောင့် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၂၈)စီး၊ အထောက်အကူပြုယာဉ်(၁၁) စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ ကွပ်ကဲမှုယာဉ်(၁၀)စီးဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်(၂၅၂)ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင်(၁၁၆)ဦးဖြင့် ငြှိမ်းသတ်ခဲ့ရာ ည(၉)နာရီ(၃၆)မိနစ်တွင် မီးငြိမ်းခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် Roo Hsing အထည်ချုပ်စက်ရုံမှ မန်နေဂျာဖြစ်သူ မစန္ဒာသင်းအား လှိုင်သာယာမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ထိုမီးလောင်မှုဖြစ်ပွားရာသို့ လှိုင်မြစ်ဘေးရှိ ဘုရင့်နောင်မီးသတ်စခန်းမှမီးသတ်ယာဉ်မှာ ဘုရင့်နောင်တံတားအဆင်းတွင် ယာဉ်ငယ်တစ်စီးကိုရှောင်တိမ်းရာမှ အရှိန်လွန်၍တိမ်းမှောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့သော်လည်း ထိုယာဉ်တိမ်းမှောက်မှုနေရာတွင် အကူအညီပေးရန် ရပ်ထားသော လှိုင်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်အား ဖြူစင်မေတ္တာလူနာတင်ယာဉ်မှတိုက်မိခဲ့၍ မီးသတ်ယာဉ်နောက်ပိုင်းတွင်ရှိသော တပ်ဖွဲ့ဝင်(၂)ဦး၏ ခြေထောက်ကို ထိခိုက်မိသောကြောင့်တစ်ဦးမှာ ခြေနှစ်ဖက်ကျိုး၍ ကျန်တစ်ဦးမှာ ခြေတစ်ဖက် ကျိုးသွားသောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။
၁၆၄
ဓာတ်ပုံ - သစ္စာ