ရန်ကုန် မတ် ၂၀

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်လျက်ရှိသော မာရဝိဇယ ဘူမိ ဖဿထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း၌ ကျောက်စာချပ်များအဖြစ် ရေးထိုး ထွင်းထုပူဇော်ထားသည့် ပိဋကသုံးပုံပါဠိတော်များကို မြန်မာ/ရိုမန် အက္ခရာ ၂ မျိုးဖြင့် စိစစ်တည်း ဖြတ်ခဲ့ကြသော "နာယကအဖွဲ့ဆရာတော်ကြီးများ"နှင့် "စိစစ်တည်းဖြတ်ရေးလုပ်ငန်း ကော်မတီ မှ ဆရာတော်ကြီးများ" အား ပိဋကသုံးပုံပါဠိတော်ကျမ်းစာအုပ်များနှင့် Tablet များ ဆက်ကပ် လှူဒါန်းခြင်းနှင့် ပရိယတ္တိစာသင်တိုက်ကြီးများ၊ သာသနာ့တက္ကသိုလ်များနှင့် ဘုန်းတော်ကြီး ကျောင်းများသို့ လှူဒါန်းမည့် ပိဋကသုံးပုံပါဠိတော်ကျမ်းစာအုပ်များအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြု တက္ကသိုလ်၌ ကျင်းပသည်။

ဦးစွာ စိစစ်တည်းဖြတ်ရေး နာယကအဖွဲ့ဝင် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်)၊ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကုမာရထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြကာ ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ထို့နောက် စိစစ်တည်းဖြတ်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူးက ပိဋကသုံးပုံ ပါဠိတော်ကျမ်းစာအုပ်များနှင့် Tablet များ ဆက်ကပ် လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းလျှောက်ထားပြီး ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော်များအား ပုံနှိပ်ပြီးဖြစ်သော ပိဋကသုံးပုံ ပါဠိတော် ကျမ်းစာအုပ်များ၊ Tablet များနှင့် နဝကမ္မလှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူးက ပရိယတ္တိ စာသင်တိုက်ကြီးများ၊ သာသနာ့တက္ကသိုလ်များနှင့်  ဘုန်းတော်ကြီးကျောင်းများသို့  လှူဒါန်းမည့် ပိဋကသုံးပုံ ပါဠိတော်ကျမ်းစာအုပ် (၉၆၃)စုံအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီး ဦးအေးထွန်း က လက်ခံရယူပြီး ကျေးဇူးတင်စကား လျှောက်ထားသည်။

ဆက်လက်၍ စိစစ်တည်းဖြတ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

သတင်းစဉ်