သက်မွန်ဦး

ဒီတစ်နှစ်လည်း သီတင်းကျွတ်ခဲ့ပြန်ပါပြီ။ သီတင်းကျွတ်ရက်မြတ်ချိန်ခါမှာ မြန်မာတွေရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာအရ လူကြီးမိဘတွေကို ကန်တော့ကြ၊ ဆရာသမားတွေကို ပူဇော်ကန်တော့ကြနဲ့ ကိုယ့်ရပ်ရွာနဲ့ ခွဲခွာပြီး တစ်နယ်တစ်ကျေးမှာ အလုပ်လုပ်ကိုင်နေကြတဲ့သူတွေလည်း ဒီလိုအချိန်မှာ မိသားစုပြန်လည်‌‌ တွေ့ဆုံပေါင်းစည်းကြတဲ့ အချိန်အခါ ဖြစ်ပါတယ်။

ကျွန်မတို့လို ဝန်ထမ်းတွေလည်း သီတင်းကျွတ်ပိတ်ရက်ချိန်ခါမှာ ကိုယ့်ဇာတိ၊ ကိုယ့်ရပ်ရွာထံပြန်‌လေ့ရှိ ကြပါတယ်။ ကျွန်မက တခြားဝန်ထမ်းတွေလို မဟုတ်ဘဲ စာနယ်ဇင်းဝန်ထမ်း ဖြစ်တာကြောင့် တခြားသူ တွေရုံးပိတ်ရက်အတိုင်း ပြန်လေ့ပြန်ထ မရှိပါဘူး။ ခါတိုင်းနှစ်တွေမှာတော့ ကိုယ့်နားရက်၊ အားရက်ပြန်လေ့ရှိပေမယ့် ဒီတစ်နှစ်တော့ အိမ်ကဖုန်း ဆက်ခေါ်တာက တစ်ကြောင်း၊ ပြန်ဖို့လည်း အဆင်ပြေတာက တစ်ကြောင်းကြောင့် သီတင်းကျွတ်ချိန်ခါမှာ အိမ်ပြန်ဖြစ်ပါတယ်။

ရွာဦးကျောင်းဆရာတော်‌ပူဇော်ပွဲ

မြန်မာနိုင်ငံ တစ်လွှား‌‌နေရာ ဒေသအသီးသီးမှာ ရပ်ရွာဓလေ့စရိုက် ကိုယ်စီရှိကြပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ဆိုသလို ပွဲတော်လေးတွေလည်း ရှိကြပါတယ်။ ကျွန်မတို့ ဇာတိရပ်ရွာကတော့ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်က ကျောက်ဆောင်စမ်းရွာ ဖြစ်ပါတယ်။ ကျွန်မတို့ဆီမှာ သီတင်းကျွတ်ချိန်ခါရောက်ရင် ဘာသာရေးပွဲတော်လို့လည်း ပြောလို့ရတဲ့ ရွာဦးကျောင်း ဆရာတော်‌ကြီးတွေကို ပူဇော်ကန်တော့တဲ့ပွဲပြုလုပ်တဲ့ အလေ့အထ ရှိပါတယ်။ အဲဒီလို ပူဇော်ပွဲတွေမှာ ပျော်ပွဲရွှင်ပွဲအနေနဲ့ အရပ်သား ဇာတ်ပွဲလေးတွေ ထည့်သွင်းကပြလေ့ရှိပါတယ်။ ဒီလိုဓလေ့ထုံးစံကို ကျင့်သုံးလာတာ နှစ်ချီနေပါပြီ။ ရိုးရာမပျက် ဆင်နွှဲကြတယ်လို့ ပြောရင်လည်း ရပါတယ်။

ဒါပေမယ့် ဒီလိုမျိုး ပျော်ပွဲရွှင်ပွဲ မထည့်သွင်းနိုင်တာ နှစ်နှစ်ရှိပါပြီလို့ ရွာကကာလသားတွေ ပြောပြချက်အရ သိရပါတယ်။ ပွဲအတွက် ငွေကြေးမရှိလို့ပါ။ ကျွန်မတို့ဆီမှာ ဒီလို အချိန် ဒီလိုပွဲမျိုးလုပ်ဖို့ နှစ်စဉ် အလှူငွေ စု‌ဆောင်း‌လေ့ရှိပါတယ်။ အလှူငွေ ဘယ်လိုစုသလဲ။ ကျွန်မတို့ရွာရဲ့ထုံးစံတစ်ခုကိုလည်း ထပ်ပြောပြပါရစေ။ ကျွန်မတို့ရပ်ရွာက အမျိုးသမီးလေးတွေ တခြား ရွာသား တစ်နယ်တကျေးက အမျိုးသားလေးတွေနဲ့ အိမ်ထောင်ရက်သား ကျတဲ့အခါ ကျွန်မတို့ရွာက ကာလသားခေါင်းအဖွဲ့ကို မင်္ဂလာကြေးခေါ်ခဲဖိုး အနည်းဆုံး ငါးသောင်းကနေ တစ်သိန်းအထိ ပေးရပါတယ်။ အိမ်ထောင်ကျတဲ့ ဦးရေများလေ ခဲဖိုးများများ ရ‌လေပေါ့။ နောက်ပြီး ရပ်ရွာထဲမှာလည်း လှည့်လည်အလှူခံပါတယ်။ တစ်နှစ် တစ်ခါပေါ့။ အဲဒီကရတဲ့ စုပေါင်းပိုက်ဆံနဲ့ ဒီလိုဘာသာရေး ပျော်ပွဲရွှင်ပွဲကို ဆင်နွှဲကြတာ ဖြစ်ပါတယ်။

ဇာတ်ပွဲလေးထည့်သွင်းနိုင်ရေး

သီတင်းကျွတ်ချိန်ခါမှာ ဟိုးအရင် နှစ်‌တွေတုန်းကတော့ ရပ်ရွာမှာ ကောက်ပဲသီးနှံ အဆင်ပြေရကြတဲ့အတွက် ဘုန်းကြီးကျောင်း ကို ဆီအလှူ၊ နှမ်းအလှူ ပေးကြပါတယ်။ နှမ်းအလှူကိုတော့ နှမ်းဗြောဗြောချ လို့ခေါ်လေ့ ရှိကြပါတယ်။ ဒီနှစ်ပိုင်းတွေမှာတော့ ရာသီဥတု ဖောက်ပြန်တော့ တောင်သူတွေ သီးနှံမရကြတဲ့အတွက် ဒီလို အလှူအတန်းမျိုး ရှားပါးသွားပါပြီ။ ရပ်ရွာအယူဝါကြီး ထပ်တဲ့ နှစ်ဆိုရင်တော့ သီးနှံရလေ့ရှိတယ်လို့ ဆိုကြပါတယ်။ ဝါကြီးထပ်တဲ့နှစ်၊ ကြွေးကြီးဆပ်တဲ့နှစ်လို့ ဆိုကြ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်တော့ ကျင်းပနိုင်ပါပြီ။

ရပ်ရွာဆိုင်းအဖွဲ့လေး‌တွေရှိ

ဒီနှစ် သီတင်းကျွတ်ပိတ်ရက် အိမ်ပြန်လာဖို့ အိမ်သားတွေက ဖုန်းဆက်တဲ့အခါ ကျွန်မကို ဒီပွဲနဲ့ ဆွဲဆောင်ပါတယ်။ ပွဲပါတယ်၊ ပြန်လာ ခဲ့ပါပေါ့။ ဒီပွဲလေးအကြောင်းကိုလည်း ပြောပြချင်ပါသေးတယ်။ ကျွန်မတို့ ဆီမှာ အရင်ကတော့ ရပ်ရွာဆိုင်းအဖွဲ့ လေး‌တွေ ရှိပါတယ်။ သူတို့တီးပြီး ရွာကလူငယ်လေးတွေက သီချင်းဆို၊ ပြဇာတ်က ဒီလိုဇာတ်ပွဲမျိုးလေးတွေ ပါပဲ။ ကပြ ဖျော်ဖြေမယ့် မင်းသမီးအနေနဲ့ကတော့ ကျွန်မတို့ ကျောက်ပန်းတောင်း၊ တောင်တွင်းကြီး စတဲ့မြို့တွေကနေတစ်နှစ်ကို နှစ်လက် အခကြေးငွေနဲ့ ငှားရမ်းပါတယ်။ ဒီနှစ်တော့ မင်းသမီးကြေး ငွေကျပ် သုံးသိန်းခွဲ ပေးရတယ်လို့ရွာက ကာလသားခေါင်းအဖွဲ့ ထံကနေ သိရပါတယ်။

ခုခေတ်မှာတော့ ရပ်ရွာဆိုင်းအပြင် ခေတ်ပေါ် တူရိယာပစ္စည်းတွေ အသုံးပြုလာကြပါပြီ။ ဇာတ်ခုံ‌ပေါ် သီချင်းတက်ဆိုချင်တဲ့ လူငယ်လေး တွေအနေနဲ့လည်း သီချင်းတစ်ပုဒ် ဘယ်လောက်ဆိုပြီး သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း ပေးရပါတယ်။ ပြဇာတ် ကပြချင်သူတွေကလည်း ပြဇာတ်ဈေးပေါ့။ အဲဒီကရတဲ့ ပိုက်ဆံတွေ စာရင်းချုပ်ပြီး ပိုတာတွေကို နောက်နှစ်ဘတ်ဂျက်အဖြစ် စုဆောင်း ထားပါတယ်။ ဒီလိုမျိုးပျော်ပွဲရွှင်ပွဲလေးတွေ ပြုလုပ်လာကြတာ ဒီနှစ်‌တော့ ရွာကလူငယ်လေးတွေရဲ့ ဆန္ဒပြည့်ဝ ခဲ့တယ်လို့ ပြောရမှာပါပဲ။

ထေရ်ကြီးဝါကြီး ပူဇော်တဲ့အချိန်က သီတင်းကျွတ်လဆန်း ၁၃ ရက်၊ ၁၄ ရက်နဲ့ လပြည့်နေ့တို့ ဖြစ်ပါတယ်။ ရပ်ရွာထဲမှာ အမျိုးသမီးလေးတွေ လှူဖွယ်ပစ္စည်းတွေနဲ့ စီတန်းလှည့်လည်ပြီး ဘုန်းတော်ကြီးကျောင်းကို သွားရောက်ကန်တော့ကြတာ ဖြစ်ပါတယ်။ ဇာတ်ပွဲကိုတော့ ညအချိန် ကပြတာဖြစ်ပါတယ်။ စားချင်စဖွယ် ပွဲဈေးက တောမုန့်လေးတွေကလည်း သွားရည် ယိုချင်စရာပါပဲ။

ဆရာ၊ ကျောင်းသားပြန်လည်ဆုံစည်း

အဲဒါတွေအပြင် ရပ်ရွာမှာ ဒီလိုအချိန်အခါ ကျောင်းသားဟောင်း ကျောင်းသားသစ်တွေရဲ့ ဆရာကန်တော့ပွဲလည်း ပြုလုပ်ပါသေး တယ်။ အရင်နှစ်တွေကတော့ ဆရာကန်တော့ပွဲမှာ စာပေဟောပြောပွဲ ထည့်ဖြစ်ခဲ့ပေမယ့် ဒီနှစ်တော့ ထည့်သွင်းနိုင်ခြင်း မရှိဘူးလို့လည်း သိရပါတယ်။ နှစ်စဉ် ဆရာကန်တော့ပွဲ ပြုလုပ်တဲ့အတွက် ဆရာသမားကြီးတွေ၊ ကျောင်းသား ဟောင်းတွေ ပြန်လည်ဆုံစည်းကြပြီးသူ့အကြောင်း၊ ကိုယ့်အကြောင်း အဆင်ပြေမပြေ ဖလှယ်ကြရင်းနဲ့ သီတင်းကျွတ်ချိန်ခါ ရပ်ရွာမှာ စည်ကားလို့နေပါတယ်။

အခြေအနေ အရပ်ရပ်ကြောင့် ရပ်ရွာကနေခွဲခွာပြီး တစ်နယ်တစ်ကျေး ရောက်ရှိနေသူတွေအဖို့ တစ်နှစ်ပတ်လုံးအတွက် တစ်ခါသာဇာတိ ရပ်ရွာပြန်ခွင့် ရကြမယ်ဆိုရင် ကျွန်မထင်ပါတယ်။ ဒီလို သီတင်းကျွတ်ချိန်ခါပဲ ပြန်ကြမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအချိန်မှပဲ မိသားစု၊ သူငယ်ချင်း စုံစုံလင်လင်တွေ့ကြ ရတာကြောင့်ပါ။ လူကြီးမိဘတွေကို ကန်တော့ကြ၊ မုန့်ဖိုးလည်းပြန်ရ၊ ပွဲလည်းကြည့်ရတဲ့အတွက် သီတင်းကျွတ်ချိန်ခါ ဇာတိရပ်ရွာ ပြန်ရတဲ့ ခံစားချက်လေးကတော့ တစ်သက်မမေ့နိုင်စရာလို့ ဆိုရတော့မှာပါပဲ။      ။