၂၀ ဧပြီ
ပိတ်ရက်တွေမရောက်ခင်က ပျော်စရာအကောင်းဆုံး အချိန်လေးပါ။ ပိတ်ရက်အတွင်းမှာလည်း ပျော်နေဆဲပါပဲ။ ဒါပေမယ့် ပိတ်ရက်ရှည် ကြီးပြီးလို့ ပြန်ဖွင့်ခါနီးပြီဆိုရင် စိတ်ဓာတ်က အလိုလိုကျလာပြီ။ ရုံးပြန်တက်ရတော့မယ်ဆိုရင်တော့ အရမ်းပျင်းပြီး ရုံးမတက်ချင်တဲ့ ဆန္ဒက အရမ်းများနေပြီပေါ့။ ရုံးကလည်း မတက်လို့မဖြစ်ဘူး။ ရုံးတက်ဖို့လည်း စိတ်ကလုံးဝမပါဘူး ဆိုသူလေးတွေအတွက် ဒီဆောင်းပါးလေးက အကောင်းဆုံး ကူညီပေးနိုင်မှာပါ။
ပျော်ရွှင်စရာ ရုံးပိတ်ရက်ရှည် ပြီးလို့ ရုံးပြန်မတက်ချင်တဲ့အခါ
ပျော်ရွှင်စရာ ရုံးပိတ်ရက်တွေပြီးလို့ ရုံးပြန်မတက်ချင်တဲ့အခါ ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။ ဒီတော့ ရုံးပြန်တက်ဖို့မပျင်းရအောင် တစ်ယောက်ယောက်နဲ့ စကားစမြည်ပြောဆိုပါ။
ရုံးပိတ်ရက်ပြီးခါနီးလိုအချိန်မျိုးမှာ ရင်းနှီးရသူတစ်ယောက်ယောက်နဲ့ ဖုန်းနဲ့ဖြစ်ဖြစ် ဒါမှမဟုတ် အပြင်မှာ ကိုယ်တိုင်တွေ့ပြီးဖြစ်ဖြစ်စကားစမြည်ပြောပါ။ အားလပ်ရက်ဘာတွေလုပ်ဖြစ်တယ်။ ဘယ်လိုမျိုးအချိန်ကို ကုန်ဆုံးခဲ့တယ်။ သူရော အားလပ်ရက်မှာ ဘာတွေလုပ်ဖြစ်လဲဆိုတာကို မေးမြန်းပြောဆိုပေးပါ။
လေ့ကျင့်ခန်းလုပ်ပါ
စိတ်ဖိစီးနေတယ်။ စိတ်ဓာတ်ကျနေတယ်ဆိုတဲ့ အချိန်မျိုးမှာ အကောင်းဆုံးသောနည်းလမ်းက လေ့ကျင့်ခန်းလုပ်တာပါ။ Gym သွားဆော့တာမျိုးမဟုတ်ရင်တောင် မနက်ခင်းစောစော ထပြေးတာမျိုး၊ လမ်းလျှောက်တာမျိုး နဲ့ အကြောလျှော့လေ့ကျင့်ခန်းလုပ်တာမျိုး လုပ်ပေးပါ။ ဒါက စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းစေမယ့် နည်းလမ်းကောင်းပါ။
နောက်သို့ကို ခေါက်ထားလို့ ရှေ့သို့ကိုသာ အာရုံထားပါ
အားလပ်ရက်ကပြီးသွားပါပြီ။ ဒါကို ပြန်စချင်လိုက်တာ၊ ရုံးမတက်ချင်ဘူးလို့တွေးနေတာက ကိုယ့်ကိုယ်ကို စိတ်ဒုက္ခပေးနေတာပါ။ မတက်ချင်လည်း အားလပ်ရက်ပြီးသွားရင် ရုံးကပြန်တက်ရမှာပါပဲ။ နောက်တစ်ချက်က အချိန်တွေကို လိုသလို နောက်ပြန်ဆုတ်နိုင်တဲ့ အစွမ်းကလည်း မရှိပါဘူး။ ဒီတော့ တက်ရမယ့်ကိစ္စကို ထိုင်စိတ်ညစ်ခံနေမယ့်အစား ရုံးပြန်တက်ဖို့ကိုပဲ အကောင်းဆုံးတွေးလိုက်ပါ။
ဟင်းချက်ပါ
ပိတ်ရက်မှာ ဟင်းကောင်းကောင်းချက်စားတာကလည်း နည်းလမ်းကောင်းတစ်ရပ်ပါ။ အားလပ်ရက်မှာ ဟင်းချက်တာက အရသာရှိရှိ ဟင်းတွေကို မြည်းစနမ်းခွ်င့်ရစေရုံတင်မကပါဘူး။ သင့်ကို ဖန်တီးနိုင်စွမ်းတိုးစေနိုင်သလို မတူတဲ့အတွေးသစ်တွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ အားလပ်ရက်ပြီးလို့ ရုံးပြန်တက်ရမှာကို သိပ်မပျင်းတော့တာပါပဲ။
သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပါ
အားလပ်ရက်မှာ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာက စိတ်လက်ပေါ့ပါးစေမယ့် နည်းလမ်းတစ်ခုပါ။ အကောင်းမြင်စိတ်ရှိသူတွေ။ ကိုယ်ချစ်ရသူတွေနဲ့ အချိန်တွေကို ကုန်ဆုံးတာက စိတ်ဖိစီးတာ၊ စိတ်ပူပန်တာတွေဖြစ်နိုင်ခြေနည်းသွားစေပြီး အတွေးအမြင်သစ်တွေဖြစ်ပေါ်စေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ မတူကွဲပြားတဲ့ အတွေးအမြင်သစ်တွေကိုလည်း သိရှိခံစားနိုင်မှာဖြစ်ပါတယ်။
ကောင်းတဲ့အရာတွေကို ချရေးထားပါ
အားလပ်ရက်အတွင်းမှာ တွေ့ကြုံခံစားခဲ့ရတဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံတွေ အဖြစ်အပျက်တွေကို ချရေးထားပါ။ ဒါတွက ပြန်ဖတ်ကြည့်လိုက်တိုင်းစိတ်ပျော်ရွှင်မှုကို ခံစားရစေပြီး စိတ်အားတက်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဒါကြောင့် အားလပ်ရက်အတွင်းပျော်စရာတွေကို ချမှတ်တာက အကောင်းဆုံးသောအမှတ်တရတွေကို သတိရစေမှုနဲ့အတူ အားလပ်ရက်ပြီးဆုံးချိန်မှာ အလုပ်ခွင်ပြန်မဝင်ချင်တာမျိုး မဖြစ်အောင်လည်း အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။
တရားထိုင်ပါ
တရားထိုင်တာက စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်စေတဲ့ နည်းလမ်းတစ်ရပ်ပါ။ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်ပျော်ရွှင်မှုဖြစ်စေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ နောက်တစ်ချက်က ပျင်းရိမှုတွေကို ပြေပျောက်စေပြီး စိတ်ကိုလန်းဆန်းစေနေတာကြောင့် လုပ်ဆောင်ရမယ့် ကိစ္စတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေမှာပါ။
ကဲ..ပိတ်ရက်ရှည်ကြီးပြီးလို့ ရုံးမတက်ချင်ဘူးဆိုရင် ဒီနည်းလမ်းလေးတွေကို လက်တွေ့အသုံးချကြည့်လိုက်နော်။
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”