ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး နိုင်ငံတကာအဆင့်မီ အထွေထွေကုန်စည်နှင့် ကုန်သေတ္တာ တင်/ချ ပြုလုပ်နိုင်သည့် ဆိပ်ခံတံတား တည်ဆောက်ပြီးစီးခြင်း အခမ်းအနားသို့ တက်ရောက်ခြင်း

နိုင်ငံတော်၏ စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ ပို့ကုန်/သွင်းကုန် ပမာဏ တိုးတက်လာမည့် အခြေအနေအား မျှော်မှန်းတွက်ဆကာ သီလဝါကမ်းနားဒေသတွင် မြေကွက် (၁) ကွက်လျှင် (၂၀၀ မီတာ x ၇၅၀ မီတာ) အရွယ် မြေကွက်(၃၇) ကွက်တို့တွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်၍ ဆိပ်ကမ်းဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အတိုးနှုန်း သက်သာသော ဂျပန်နိုင်ငံ၏ ODA Loan ချေးငွေဖြင့် အကွက်အမှတ် (၂၅) နှင့် (၂၆) တို့တွင် နိုင်ငံတကာအဆင့်မီ အထွေထွေကုန်စည်နှင့် ကုန်သေတ္တာ တင်/ချ ပြုလုပ်နိုင်သော ဆိပ်ခံတံတား (၂) စင်း၊ ဆိပ်ကမ်းဆိုင်ရာ အဆောက်အဦများ တည်ဆောက်ခြင်းနှင့် ကုန်ကိုင်တွယ်စက်ကိရိယာများ ဝယ်ယူတပ်ဆင် မှု ပြီးစီးခြင်း အခမ်းအနားကို ယနေ့ နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး (သန်လျင်) ကျောက်တန်း မြို့နယ်ရှိ သီလဝါကမ်းနားဒေသ မြေကွက်အမှတ် (၂၅) နှင့်(၂၆) ရှိ ဆိပ်ခံတံတားအပေါ်တွင် 
 ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ ဂျပန်နိုင်ငံ Ministry of Land, Infrastructure, Transport and Tourism Japan (MLIT) မှ Vice Minister Mr. Yasuhiro Shinohara ၊ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Ichiro Maruyama နှင့် တာဝန်ရှိသူများမှ နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးကျော်မျိုး (MLIT) မှ  ဒုတိယဝန်ကြီး Mr. Yasuhiro Shinohara ၊ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Ichiro Maruyama၊ မြန်မာဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်နှင့် တာဝန်ရှိသူများမှ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနား အစီအစဉ် ဒုတိယအပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ Nippon Koei Co.,Ltd , TOYO Construction Co.,Ltd, JFEE Engineering, Myanmar Koei International of NK, TOYO – JFEE  Joint Venture နှင့် Mitsui E&S Machinery Co.,Ltd တို့မှ တာဝန်ရှိသူများမှ တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ လည်းကောင်း၊ Cargo Handling Equipment များ ဝယ်ယူတပ်ဆင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့ကြပြီး နံနက် (၁၁) နာရီတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)