နေပြည်တော် ၁၀ သြဂုတ် 


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့်အဖွဲ့သည် ယနေ့နံနက် ၈ နာရီခွဲတွင် မန္တလေးဘူတာကြီး အစည်းဝေးခန်းမ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံစဉ် မိမိတို့ဌာန တိုးတက်အောင်မြင်လာစေရန် ဇွဲလုံ့လဖြင့် ကြိုးစားကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများ၏ အရည်အချင်း၊ ဆင်ခြင်တုံတရားတို့ တိုးတက်လာစေရန် ကြိုးစားနေထိုင်သွားကြရန် အရေးကြီးပါကြောင်း၊ ရထားလမ်းပိုင်းများ ဆောင်ရွက်ခြင်းလုပ်ငန်းသည် ဖြစ်သလိုလုပ်၍ မရပါကြောင်း၊ အချိန်ယူပြီး စနစ်တကျလုပ်ဆောင်ရမှာဖြစ်ပါကြောင်း၊ အချက်ပြစနစ်များမှာလည်း ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်၍ မိမိတို့ဝန်ထမ်းများက ကျွမ်းကျင်စွာလုပ်ဆောင်နိုင်ရန် အရေးကြီးပါကြောင်း၊ ဝန်ထမ်းများညီညီညွတ်ညွတ် ကြိုးစားကြမှာသာ မိမိတို့ဌာန အောင်မြင်မည်ဖြစ်ပါကြောင်း မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးဘူတာကြီး ကွန်ထရိုးခန်းနှင့် စက်ခေါင်းမောင်းများ နားနေခန်းအတွက် Watercooler (၂)လုံးအား လှူဒါန်းသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် RBE ရထားဖြင့် ရထားလမ်းတလျှောက် လမ်းများကြံ့ခိုင်မှု အခြေအနေနှင့် တံတားများကြံ့ခိုင်မှုရှိစေရန် ဆောင်ရွက်ထားရှိမှုများအား လည်းကောင်း၊ ကားလမ်းကူးများ ဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ မြို့ဟောင်းဘူတာ ယာဒ်ဝန်း ပြုပြင်ဆောင်ရွက်သွားမည့် နေရာအားလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ ထိုမှတစ်ဆင့် သာစည်ဘူတာသို့ ရောက်ရှိလာပြီး သာစည်ဘူတာကွန်ထရိုးခန်းအတွက် Water cooler (၁)လုံး လှူဒါန်းပေးအပ်ခဲ့ကာ သာစည်ဘူတာ၊ ရမည်းသင်း ဘူတာတပ်ကုန်းဘူတာများရှိ အရာထမ်း/ အမှုထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်

 

1