နေပြည်တော် စက်တင်ဘာ ၂၁
ပို့ဆောင်‌ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်သည် ယနေ့တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရာဂီတိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက်ရေကြီးခဲ့မှုများကြောင့် ဆက်သွယ်ရေးစနစ် ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆက်သွယ်ရေးစနစ်များ ပြန်လည်ကောင်းမွန်စေရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ရှောင်လမ်းတစ်လျှောက်နှင့် ပျဉ်းမနားသကြားစက်လမ်းတို့တွင် ပျက်စီးသွားသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တယ်လီဖုန်းတိုင်နှင့် ကေဘယ်ကြိုးများ ပြန်လည်ပြုပြင်ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ သကြားစက်အနီးရှိ မိုဘိုင်းစခန်းနှင့် ဘောဂသီရိ ကားကြီးကွင်းအတွင်းရှိ မိုဘိုင်းစခန်းများ ရေကြီးနစ်မြုပ်ခဲ့မှု အခြေအနေများ၊ အစားထိုးပြုပြင်နေမှုအခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး စက်ပစ္စည်းများကို စနစ်တကျ သန့်ရှင်းရေးဆောင်ရွက်ပြီး စစ်ဆေး၍ ပြန်လည်တပ်ဆင် အသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန်၊ မြေစိုက်ကြိုးစနစ်များကို စစ်ဆေးသွားရန် မှာကြားသည်။ 
ထို့နောက် ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၄၅ မိုင် ၇ ဖာလုံရှိ နဝင်းချောင်းတံတား (အဆုံတံတား) တွင် ပြတ်တောက်သွားသည့် ဖိုင်ဘာကေဘယ်လ်များ ယာယီအစားထိုးပြုပြင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တံတားပြုပြင်ပြီးပါက ရေရှည်ခိုင်ခံ့ကောင်းမွန်စွာ အသုံးပြုနိုင်ရေးအတွက် ပုံမှန်သွယ်တန်းမှုများ ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ကင်းသာလမ်းခွဲမှတဆင့် တပ်ကုန်း - ပင်လောင်းလမ်းတလျှောက် သွယ်တန်းထားသည့် ဖိုင်ဘာကေဘယ်လ်များ အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။ 
ဆက်လက်၍ ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းလမ်းဆုံရှိ တံတားတွင် ပြတ်တောက်သွားသည့် ဖိုင်ဘာကေဘယ်လ်များအား အစားထိုးသွယ်တန်းနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကေဘယ်လ်ကြိုးများ သပ်ရပ်ခိုင်မာစွာ သွယ်တန်းဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
သတင်းစဉ်