နေပြည်တော် ဧပြီ ၁၂
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၁၃၈၄ ခုနှစ် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက မြန်မာ့မီးရထား၊ နေပြည်တော်ဘူတာကြီးဝန်းအတွင်းရှိ မြန်မာ့ ရိုးရာ အတာသင်္ကြန် ရေကစားမဏ္ဍပ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအကဲများ၊ ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ၊ ဌာနအသီးသီးမှ ယိမ်းအဖွဲ့များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က နိုင်ငံအသီးသီးမှ လူမျိုးအသီးသီးတို့သည် ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများနှင့်အညီ နှစ်သစ်ကူးပွဲတော်များကျင်းပရာတွင် မိမိတို့ မြန်မာလူမျိုးများသည် နှစ်ဟောင်းမှ နှစ်သစ်ကို ကူးပြောင်းချိန်၌ မဟာသင်္ကြန်ရေ သဘင်ပွဲတော်ကို ကျင်းပကြကြောင်း၊ နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်ရေနှင့် ဆေးကြောပြီး နှစ်သစ်ကိုကြိုဆိုကာ သင်္ကြန် ပွဲတော်ကို ရေကစားမဏ္ဍပ်များ ၊ အတီးမှုတ်များဖြင့် ကပြဖျော်ဖြေ၍ ခြိမ့်ခြိမ့်သဲ ဆင်နွှဲကြကြောင်း၊ ထိုကြောင့် မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ကိုယ်စိတ် နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ပါဝင်ဆင်နွှဲရန်နှင့် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ အလှူဒါနပြုခြင်းစသည့် မင်္ဂလာအပေါင်း ပြည့်စုံစွာဖြင့် နှစ်သစ်ကို အတူတကွ ကြိုဆို ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဌာနအကြီးအမှူးများနှင့်အတူ ရေကစားမဏ္ဍပ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးပြီး အကြီးအကဲများနှင့် မိသားစုများက ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ယိမ်းအဖွဲ့များအား အမွှေးနံ့သာရေများပက်ဖြန်း၍ ပျော်ရွင်စွာ ရေကစားကြသည်။
ယင်းနောက် ဌာနအသီးသီးမှ ယိမ်းအဖွဲ့များက သင်္ကြန်ယိမ်းအကများ၊ သင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်