နေပြည်တော် ဇူလိုင် ၁၉
မြန်မာ့မီးရထားက ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်များ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားများ ပြေးဆွဲပေးခြင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Standard Operation Procedure-SOP လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဘူတာအဝင်နှင့် ရထားများပေါ်တွင် ခရီးသည်များ၏ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ဘူတာအဝင်ရှိ လက်ဆေးခုံများတွင် လက်ဆေးစေခြင်း၊ Mask တပ်ပြီးမှ ဘူတာအတွင်းနှင့် ရထားပေါ်သို့ တက်ရောက်စေခြင်း၊ Social Distancing အတွက် တွဲများပေါ်တွင် (၂) ယောက်ထိုင်နိုင်သော ထိုင်ခုံ (၁) ခုံ၌ ခရီးသည် (၁) ဦးသာ ရောင်းချစေခြင်း၊ သတ်မှတ်ခရီးသည် ဦးရေမှအပ ထိုင်ခုံမဲ့ လုံးဝမရောင်းစေခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေး လျက်ရှိသည်။
ယခုကာလတွင် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန် ရုံးပိတ်ရက်ကာလများအတွင်း ပြည်သူများ မဖြစ်မနေ သွားလာမှုများ အဆင်ပြေစေရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်-မန္တလေးလမ်းပိုင်း ၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ၊ ရန်ကုန်-ပြည် လမ်းပိုင်းတို့တွင် အစုန်/အဆန် စာပို့ရထား/အမြန် ရထားများကိုလည်းကောင်း၊ မန္တလေး-ကန့်ဘလူလမ်းပိုင်း နှင့် ရန်ကုန်မြို့ပတ်လမ်းပိုင်းတို့တွင် RBE ရထားများဖြင့်လည်းကောင်း၊ ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်းနှင့် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမှတ် (၁) အဆန် (၂) အစုန် စာပို့ရထားအား ပါဆယ်တွဲနှင့် ကုန်တွဲများ ချိတ်ဆက်လျက် နေ့စဉ်စုန်/ဆန်ပြေးဆွဲပြီး ပါဆယ်နှင့်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကျောက်အမျိုးမျိုးအား ကျောက်ရထားများဖြင့် သိမ်ဇရပ်- ဇင်းကျိုက်တို့မှ မလွှကုန်း ထိ ပို့ဆောင်ပြေးဆွဲပေးခြင်း၊ ရန်ကုန်-မန္တလေးအကြား ကုန်သေတ္တာတင်ရထားများ ပြေးဆွဲပေးခြင်းနှင့် ကုန်ပစ္စည်း တင်ပို့ရန် တွဲတောင်းခံလာမှု အပေါ်မူတည်၍ အခါအားလျော်စွာ ကုန်ရထားများ ဖွဲ့ဆင်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


