နေပြည်တော် ဒီဇင်ဘာ  ၂

 

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည် စီးဆင်းမှု မြန်ဆန်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားများပြေးဆွဲပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ခရီးသွားလာမှုဆိုင်ရာ လိုက်နာဆောင်ရွက် ရမည့်အချက်များ Standard Operating Procedure (SOP) လမ်းညွှန်ချက် နှင့်အညီတိုးမြှင့် ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိသည်။

 

တောင်တွင်းကြီး-နတ်မောက်- ကျောက်ပန်းတောင်းနှင့် ပုဂံဒေသများတွင် နေထိုင်ကြသော ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် အမှတ်(၁၀၇)အဆန်/ အမှတ်(၁၀၈) အစုန် ပုဂံ-တောင်းတွင်းကြီး-ပုဂံ လူစီးရထားကို ဒီဇင်ဘာ (၁)ရက်မှစ၍ နေ့စဉ် ပြန်လည်ပြေးဆွဲပေးလျက်ရှိသည်။ အမှတ်(၁၀၈)အစုန်ရထားသည် ပုဂံဘူတာမှ နံနက်‌ ၆ နာရီခွဲ တွင်ထွက်ခွာ၍ တောင်တွင်းကြီးဘူတာသို့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင်လည်းကောင်း၊ အမှတ်(၁၀၇) အဆန်ရထားသည် တောင်တွင်းကြီးဘူတာမှ မွန်းလွဲ ၁ နာရီခွဲတွင်ထွက်ခွာ၍ ပုဂံဘူတာသို့ ည ၇ နာရီ မိနစ် ၄၀ တွင်လည်းကောင်း၊ အသီးသီးထွက်ခွာ/ ဆိုက်ရောက် မည်ဖြစ်ကြောင်းနှင့် လမ်းခရီးတွင် ဘူတာ(၁၇)ဘူတာ ရပ်တန့်ပေးကာ ခရီးစဉ်အစအဆုံး တစ်ဦးလျှင် ၄၇၀၀/-ကျပ်နှုန်းဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရှိရသည်။

 

ထို့အပြင် နေပြည်တော်/ပျဉ်းမနားမှ ခရီးသွားပြည်သူများအနေဖြင့် ပုဂံဒေသသို့ သွားရောက် လိုပါက ပျဉ်းမနားဘူတာ မှ နေ့စဉ် နံနက် ၆ နာရီခွဲတွင် စတင်ထွက်ခွာပြီး တောင်တွင်းကြီး ဘူတာသို့  နေ့လည် ၁၂ နာရီ ၃၅ မိနစ်တွင် ဆိုက်ရောက်မည့် အမှတ်(၁၀၃) အဆန် ရထားဖြင့်လိုက်ပါ၍  တောင်တွင်းကြီးဘူတာမှ နေ့လည် ၁ နာရီခွဲတွင် စတင်ထွက်ခွာမည့် အမှတ်(၁၀၇)အဆန်ရထားဖြင့် ဆက်လက်ချိတ်ဆက် စီးနင်းလိုက်ပါနိုင်ရန်နှင့် ပုဂံမှ လိုက်ပါလာသော ခရီးသည်များအနေဖြင့်လည်း တောင်တွင်းကြီးဘူတာမှ နေ့လည် ၂ နာရီခွဲတွင် ထွက်ခွာသည့် အမှတ်(၁၀၄)အစုန်ရထားဖြင့် ပျဉ်းမနားဘူတာသို့ ဆက်လက်ချိတ်ဆက် စီးနင်းလိုက်ပါနိုင်ရန် ရထားများ ရောက်ရှိ/ထွက်ခွာချိန် များကို အပြန်အလှန်ချိတ်ဆက်၍ ရထားကူးပြောင်း စီးနင်းလိုက်ပါနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။

 

မြန်မာ့မီးရထားအနေဖြင့် ခရီးသည်စီးနင်းမှုများပြားလာသည်နှင့်အမျှ ရထားတွဲဆိုင်းများ ပိုမို ချိတ်ဆက်ခြင်း၊ ရထားစင်းရေ တိုးမြှင့်ခြင်းများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ခရီးသွား မိဘပြည်သူများ လုံခြုံစိတ်ချစွာ လိုက်ပါစီးနင်းနိုင်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)