နေပြည်တော် ၂၉ ဇူလိုင်

 

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းရုံးချုပ်ရှိ သက်ဆိုင်ရာ သုတေသနဌာနစုများ၌ သုတေသနလက်ထောက်-၄ ကျောထောက်နောက်ခံပြု အလုပ်သင်ဝန်ထမ်း ၄၇ ဦးကို မျိုးစေ့ဘဏ်သုတေသနဌာနစုကွင်း၌ ဇူလိုင် ၂၉ ရက်က သုတေသနများ ဆောင်ရွက်ထားမှုအား လက်တွေ့ရှင်းလင်း သင်ကြားခြင်းကို ပြုလုပ်သည်။

 

အဆိုပါ လက်တွေ့သင်ကြားပို့ချရာတွင် မျိုးဆက်သစ်များအနေဖြင့် သိပ္ပံနည်းကျ နည်းလမ်းများကို လက်တွေ့လေ့လာစူးစမ်းကာ ဖန်တီးမှုနှင့် စနစ်တကျလုပ်ဆောင်မှုများ ပေါင်းစပ်၍ ပြဿနာများကို အသေးစိတ်ဖြေရှင်း ဆောင်ရွက်နိုင်မှသာ ရည်မှန်းထားသည့် သုတေသနပညာရှင်များ ဖြစ်လာမည်ဖြစ်ကြောင်း၊ သစ်စိမ်းမြေဩဇာအဖြစ် ပိုက်ဆံလျှော် စိုက်ပျိုးခြင်းသည် မြေဆီလွှာ၏ ဂုဏ်သတ္တိကို တိုးတက်စေပြီး အပေါ်ယံမြေဆီလွှာ တိုက်စားမှုကိုလည်း ကာကွယ်နိုင်မည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက ပြောကြားသည်။

 

ထို့နောက် မျိုးစေ့ဘဏ်သုတေသနဌာနစု တာဝန်ခံ ဒေါက်တာမင်းစံသိန်းက သစ်စိမ်းမြေသြဇာအဖြစ် ပိုက်ဆံလျှော် စိုက်ပျိုးထားမှုနှင့် ဒေါက်တာဥမ္မာစော၊ ဒေါ်ဥမ္မာအောင်နှင့် ဒေါ်နွယ်အေးငြိမ်းတို့က သီးနှံသုတေသနလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့အား ရှင်းလင်းသင်ကြားကြရာ မျိုးဆက်သစ် သုတေသနအလုပ်သင်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။

 

ပိုက်ဆံလျှော်အား သစ်စိမ်းမြေသြဇာအဖြစ် စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးပြီး ထယ်ထိုးနစ်မြုပ်ရမည့် အချိန်သည် အရေးကြီးသည်ဖြစ်ရာ၊ မြေဆီလွှာသုတေသနဌာနစု၏ သုတေသနတွေ့ရှိချက်အရ သစ်စိမ်းမြေသြဇာအဖြစ် စိုက်ပျိုးသည့် ပိုက်ဆံလျှော်ပင်အား ပန်းမပွင့်မီ (တစ်နည်းအားဖြင့်) အပင်သက်တမ်း (၄၀ မှ ၄၅) ရက် ဝန်းကျင်တွင် ထယ်ထိုးမြေမြုပ်ရမည်ဖြစ်ပြီး၊ ထယ်ထိုးနစ်မြုပ်ပြီး (၁၀ မှ ၁၄) ရက် ကြာမှသာလျှင် ဆွေးမြေ့မည်ဖြစ်သောကြောင့် ကောင်းစွာဆွေးမြေ့သွားပြီးမှသာ စီးပွားဖြစ် သီးနှံများစိုက်ပျိုးရမည်ဖြစ်ကြောင်း သိရသည်။

 

စိုက်ပျိုးရေးသုတေသန ဦးစီးဌာနသည် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် သီးနှံစိုက်ပျိုးသည်မှ ရိတ်သိမ်းသိုလှောင်၍ စားသုံးသူလက်ဝယ် ရောက်ရှိသည်အထိ စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ကြုံတွေ့နေရသည့် အခက်အခဲများကို သုတေသနပြု ရှာဖွေဖော်ထုတ်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ သုတေသနနှင့် နည်းပညာ လက်ဆင့်ကမ်းမျှဝေနိုင်ရေးအတွက် မျိုးဆက်သစ် သုတေသန အလုပ်သင်ဝန်ထမ်းများအား သုတေသနလုပ်ငန်းများတွင် လက်တွေ့စူးစမ်း လေ့လာစေခြင်းဖြင့် သုတေသန လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရန်အတွက်လည်း လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိသည်။

 

မေမိုးသဲ