အိအိဖြိုး

 

ယနေ့အချိန်အခါတွင် ရာသီဥတုပြောင်းလဲလာ မှုများ လျင်မြန်စွာဖြစ်ပေါ်လျက်ရှိရာ သဘာဝ အရင်းအမြစ်များဆုံးရှုံးမှုကို ရင်ဆိုင်ကြုံတွေ့နေ ရသောကြောင့် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို ထိခိုက်စေပါသည်။ အနာဂတ်လူသားတို့၏ စားရေ ရိက္ခာဖူလုံစေရေးအတွက် စဉ်ဆက်မပြတ် စိုက်ပျိုး ထုတ်လုပ်မှုကိုရရှိရန် စိုက်ပျိုးရေးဆိုင်ရာ သဘာဝ အရင်းအမြစ်များကို ထိန်းသိမ်းရေးက အရေးကြီးလှပါသည်။

 

နိုင်ငံတကာတွင် စိုက်ပျိုးရေးလုပ်ငန်းများ၌ အသုံးပြုရသော ဓာတ်မြေဩဇာများထုတ်လုပ်မှု ကျဆင်းလာခြင်းကြောင့် ဓာတ်မြေဩဇာများ ရှားပါးခြင်း၊ သယ်ယူပို့ဆောင်မှုအခက်အခဲများကြောင့် ဓာတ်မြေဩဇာများ ဈေးနှုန်းမြင့်တက်ခြင်း နှင့် အလွယ်တကူ ဝယ်ယူ၍မရသော ပြဿနာများ နှင့် ရင်ဆိုင်နေရပါသည်။

 

ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် မြေဆီလွှာအရည်အသွေးကောင်းမွန်ပြီး အပင် အာဟာရဓာတ် လုံလောက်စွာရရှိရေးမှာ အရေးကြီးလှပါသည်။ အပင်အာဟာရဓာတ် လုံလောက်မျှတစွာရနိုင်မှသာ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးမြှင့်နိုင်မည်ဖြစ်ပါသည်။ နွားချေးနှင့် သစ်ဆွေးမြေဩဇာများသုံးစွဲခြင်း၊ သီးနှံ ရိတ်သိမ်းပြီး အပင်အကြွင်းအကျန်များကို မြေသို့ ပြန်လည်ထည့်သွင်းပေးခြင်းအားဖြင့် မြေဆီလွှာပြုန်းတီးခြင်းနှင့် အပင်အာဟာ ရဓာတ်များ လျော့နည်းဆုံးရှုံးခြင်းတို့ကိုလည်း ကာကွယ်ပေး နိုင်မည်ဖြစ်ပါသည်။

 

သီးနှံပင်အကြွင်းအကျန်များ မြေတွင်းသို့ ပြန်လည်ထည့်သွင်းစိုက်ပျိုး

သီးနှံအထွက်နှုန်းများ တည်ငြိမ်တိုးတက် စေရန်နှင့် စိုက်ပျိုးသူတောင်သူများ အမြတ်အစွန်း ရရှိနိုင်ရန်အတွက် မြေသားဖွဲ့စည်းတည်ဆောက်မှုကို ကောင်းမွန်စေသည့် ထွန်ယက်စိုက်ပျိုးမှုပုံစံနှင့် သီးနှံပင်အကြွင်းအကျန်များ မြေတွင်းသို့ ပြန်လည် ထည့်သွင်းစိုက်ပျိုးခြင်းကို ဆောင်ရွက်ရန် လိုအပ် လာပါသည်။ ထို့အပြင် အပေါ်ယံမြေသားများ တိုက်စားပျက်စီးဆုံးရှုံးခြင်းများကို ကာကွယ်ပေးခြင်း၊ သစ်ဆွေးဓာတ်များ လုံလောက်အောင် ထည့်သွင်းပေးခြင်းနှင့် မြေဆီလွှာအတွင်းရှိ အကျိုးပြုဇီဝသက်ရှိများနှင့် အပင်အာဟာရဓာတ်လှည့်ပတ်မှုပုံစံ ပိုမိုကောင်းမွန်အောင် ဆောင်ရွက် ခြင်းများကို အဓိကထား၍လည်း ဆောင်ရွက်သင့်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်း သည်လည်း နည်းလမ်းတစ်ခုအဖြစ် ပါဝင်လျက်ရှိပါသည်။

 

သစ်စိမ်းမြေဩဇာဆိုသည်မှာ အကြီးမြန် ဆွေးမြည့်လွယ်၍ ဇီဝဒြပ်ထု (Biomass) အထွက်များများရရှိသော အပင်မျိုးဖြစ် သည့်အတွက် ကြဲပက်စိုက်ပျိုးကာ ထယ်ထိုးမြေမြှုပ်ခြင်းအားဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိ များကို ပြောင်းလဲပေး၍ မြေဆီလွှာ၏ အာဟာရဓာတ်ကို ဖြည့်တင်းပေးသော သဘာဝမြေဩဇာပင် ဖြစ်ပါသည်။

 

သီးနှံများမစိုက်ပျိုးမီ (သို့မဟုတ်) သီးနှံ ရိတ်သိမ်းပြီး ခေတ္တမြေလှပ်ချိန်တွင် အကြီးမြန်သော ပဲမျိုးရင်းဝင်အပင်များကို ကြဲပက်စိုက်ပျိုးထားပြီး ပန်းမပွင့်မီအချိန်တွင် ထယ်ထိုးမြေမြှုပ်ပေးခြင်းဖြင့် နောက်စိုက်ပျိုးမည့် သီးနှံအတွက် လိုအပ်သော နိုက်ထရိုဂျင်ဓာတ်၊ ဖော့စ်ပရပ်စ်ဓာတ်၊ ပိုတက်ရှ် ဓာတ်များနှင့် သစ်ဆွေးဓာတ်(Organic Matter)များကို ရရှိစေပါသည်။ ထိုသို့ဆောင်ရွက်ခြင်းကို သစ်စိမ်းမြေဩဇာကျွေးခြင်း (Green Manuring)ဟု ခေါ်ဆိုပါသည်။ သစ်စိမ်း မြေဩဇာအဖြစ် ပဲမျိုးရင်းဝင် အပင်များဖြစ်သည့် ပဲလွမ်း၊ ပဲတီစိမ်းနှင့် မတ်ပဲစသည်တို့အပြင် ပိုက်ဆံလျှော်၊ ဆူးမဲ့ထိကရုံး (Mimosa)အစရှိသည်တို့ကို သစ်စိမ်းမြေဩဇာ အပင်များအဖြစ် အသုံးပြုနိုင်ပါသည်။

 

သစ်စိမ်းမြေဩဇာပင်အဖြစ် လူသိများ

သစ်စိမ်းမြေဩဇာပင် အမျိုးမျိုးအနက် အပင်အကြီးမြန်၍ စိုက်ပျိုးရအလွယ်ကူဆုံးအပင်မှာ ပိုက်ဆံလျှော်ပင်ဖြစ်ပါသည်။ ပိုက်ဆံလျှော်ကို အခြားသီးနှံများ မစိုက်ပျိုးမီ သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးနိုင်ပါသည်။ ပိုက်ဆံလျှော်၏ အင်္ဂလိပ် အမည်မှာ Sunn hemp ဖြစ်ပြီး သိပ္ပံအမည်မှာ Crotalaria juncea ဖြစ်ပါသည်။ ပိုက်ဆံလျှော်ပင်သည် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများအတွက် သစ်စိမ်းမြေဩဇာပင်အဖြစ် လူသိများသော ပဲမျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပါသည်။

 

အစိုဓာတ်လုံလောက်ပါက မည်သည့်မြေအမျိုးအစားတွင်မဆို ကောင်းစွာပေါက်ရောက်ရှင်သန် နိုင်သောအပင်ဖြစ်ပါ သည်။ အလင်းရောင်ကို တုံ့ပြန်မှုရှိပြီး နေ့တာရှည်ကာလများရရှိပါက အပင်ပိုင်း ကြီးထွားမှုကြာရှည်စေသော အပင်မျိုး ဖြစ်ပါသည်။

ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုရန် အတန်းလိုက် ၁' x ၄" စိုက်စနစ်ဖြင့် စိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် မျိုးစေ့ ၂ ဒသမ ၅ ပြည်နှုန်း၊ ကြဲပက်စိုက်ပျိုးလျှင် လေး - ခြောက် ပြည်နှုန်းသုံးစွဲရပါမည်။ မျိုးစေ့များကို မြေအနက် ခြောက်-ရှစ်လက်မခန့်အထိ မြေချစိုက်ပျိုးရပါမည်။

 

ပုံမှန်အားဖြင့် စပါးအခြေခံသီးနှံပုံစံများတွင် လယ်မြေများ၌ မိုးစပါးရိတ်သိမ်းပြီးနောက် ထယ်တစ်စပ်၊ ထွန်တစ်စပ်ဝင်ပြီး မျိုးစေ့ကို ညီညာအောင် ကြဲပက်ရပါသည်။ ထို့နောက် ထွန်တစ်စပ်ဖြင့် ပြန်ဖုံးပေးရပါသည်။ စိုက်ပျိုးပြီး ထယ်ထိုးနှစ်မြှုပ် ရမည့်အချိန်သည် အထူးအရေးကြီးပါသည်။

 

မိုးရေကိုသာ အားကိုးစိုက်ရသော ကုန်းပိုင်း ယာမြေများတွင် မိုးသီးနှံမစိုက်ပျိုးမီ ကြဲပက် စိုက်ပျိုးထားပါက အပင် ၄၅ ရက်သားမှ ၆၅ ရက် သားအတွင်း ထယ်ထိုးမြေမြှုပ်ပေးရပါသည်။ လယ်မြေများတွင် မိုးစပါးရိတ်သိမ်းပြီးနောက် နွေသီးနှံမစိုက်ပျိုးမီ ပိုက်ဆံလျှော်မျိုးစေ့ကြဲပက်၍ အပင် ၄၅ ရက်သားမှ ၆၅ ရက်သားအတွင်း သစ်စိမ်းမြေဩဇာအဖြစ် ထယ်ထိုးမြေမြှုပ်ပေးလေ့ရှိပါသည်။

 

နွေသီးနှံရိတ်သိမ်းပြီးနောက် မိုးစပါးမစိုက် ပျိုးမီ ပိုက်ဆံလျှော် မျိုးစေ့ကြဲပက်၍လည်း အပင် ၄၅ ရက်သားမှ ၆၅ ရက်သားအတွင်း သစ်စိမ်း မြေဩဇာအဖြစ် ထယ်ထိုးမြေမြှုပ်ပေးလေ့လည်း ရှိပါသည်။ အပင်၏အစိတ်အပိုင်းများကို အစိမ်း အတိုင်းထယ်ထိုး၍ မြေမြှုပ်ပြီး ၁၀ ရက် မှ ၁၄ ရက် အကြာတွင် ကောင်းစွာဆွေးမြည့်ပြီးမှသာ နောက်သီးနှံစိုက်ပျိုး သင့်ပါသည်။ ကောင်းစွာ ဆွေးမြည့်သွားသည့်အခါ မြေဆီလွှာအားဖြည့်ပေး သော မြေဩဇာအဖြစ်ရရှိမည်။

 

ပိုက်ဆံလျှော်၊ ပဲလွမ်းနှင့် မတ်ပဲတို့၏ အပင်သက်တမ်းအလိုက် ထယ်ထိုးမြေမြှုပ်ခဲ့ရာ မြေတွင်း၌ရရှိသော အာဟာရဓာတ် ပါဝင်မှုများကို အောက်ပါအတိုင်း ဓာတ်ခွဲစစ်ဆေးခြင်းရလဒ်အဖြစ် တွေ့ရှိရပါသည် -

ကမန

 

 ရရှိနိုင်သောအကျိုးကျေးဇူးများ

ပိုက်ဆံလျှော်သစ်စိမ်းစိုက်ပျိုး၍ မြေမြှုပ်ပေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ ဖော်ပြပါအတိုင်းဖြစ်ပါသည် -

 

(၁)       မြေဆီလွှာအတွင်းရှိ အစိုဓာတ်ကို ထိန်းသိမ်းပေးသည်သာမက သစ်ဆွေးဓာတ်ကိုလည်းတိုးတက်စေကာ မြေသား ဖွဲ့စည်းမှုကိုလည်း တိုးတက်ကောင်းမွန် စေပါသည်။

 

(၂)       လေထုထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးသည့်အတွက် မြေဆီလွှာအတွင်း နိုက်ထရိုဂျင်ဓာတ် ဖြည့်တင်းပေးရာ ရောက်ပါသည်။

 

(၃)       မြေဆီလွှာအတွင်းရှိ အပင်အာဟာရ ဓာတ်များကို မြေအောက်သို့ စိမ့်ဝင် ဆုံးရှုံးခြင်းမှ ကာကွယ်ပေးသည်။

 

(၄)       မြေဆီလွှာတိုက်စားမှုကို လျော့နည်း စေပြီး အပေါ်ယံမြေလွှာများပျက်စီးမှု ကို ကာကွယ်ပေးပါသည်။

 

(၅)       မြေညံ့များတွင် စိုက်ပျိုးပြီး ထွန်ယက် မြေမြှုပ်ပေးပါက မြေဆီအရည်အသွေး ကို တိုးတက်စေပါသည်။

 

သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ကို သုံးစွဲခြင်းသည် မြေဆီလွှာ၏ ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိ၊ ဓာတုပိုင်းဆိုင်ရာဂုဏ် သတ္တိနှင့် ဇီဝပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ တိုးတက်ရေးနှင့် ပျက်စီးနေသော မြေဆီလွှာနှင့် သစ်ဆွေးဓာတ်လျော့နည်း နေသော မြေဆီလွှာများ၊ မြေချဉ်ငန်ကိန်းမြင့်လွန်းသော အပူပိုင်းဒေသမြေဆီလွှာများ ပြုပြင်ရာတွင် သုံးစွဲရန် အထူး သင့်လျော်ပါသည်။ သက်တမ်းတိုတိုနှင့် ကြီးထွားနှုန်းမြန်ဆန်၍ မြေဆီလွှာအတွင်း သစ်ဆွေးဓာတ်နှင့် နိုက်ထရိုဂျင် ပမာဏများများ ဖြည့်တင်းပေးသည့်အပြင် အကုန်အကျသက်သာသည့် ပိုက်ဆံလျှော်ကို ဝင်ငွေရသီးနှံများမစိုက်မီ သစ်စိမ်းမြေဩဇာအဖြစ် နှစ်စဉ် စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။     ။