ဘိုကလေး      ဇွန်      ၁၅

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ရန်ပြေမာန်ပြေ အောင်စကြာ စေတီတော်ဝင်း၌ တာဝတိံသာစေတီတော်မြတ်ကြီးအား ၁၉၇၃ ခုနှစ်တွင် လည်းကောင်း၊ စောင်းတန်းတော်ကြီးကို ၁၉၈၂ ခုနှစ်တွင် လည်းကောင်း တည်ထားကိုးကွယ်ခဲ့ရာ နှစ်ကာလ ကြာမြင့်ခြင်း၊ ရာသီဥတုဒဏ်ခံရခြင်း၊ စေတီတော်တည်စဉ် ကာလ၌ နည်းပညာအားနည်းခြင်း တို့ကြောင့် ဧပြီ ၂၉ ရက် နံနက် ၂ နာရီခွဲတွင် စောင်းတန်းတော်ကြီး၏ အထက်ပိုင်း ပေ ၆၀ ခန့် ပြိုကျပျက်စီးခဲ့ပြီး ယခုအခါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပါအဝင် တည်ဆောက်ရေး ကော်မတီဖွဲ့စည်းကာ စေတီတော်မြတ်ကြီးအား ပြန်လည်တည်ထား ကိုးကွယ်မည်ဖြစ်ကြောင်း သိရသည်။

 

ပြန်လည်တည်ထားနိုင်ရေးအတွက် တာဝန်ရှိသူများက မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီဖြင့် ချိတ်ဆက်ဆောင်ရွက်ရာ ဆည်မြောင်းဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာများ ပါဝင်သောအဖွဲ့ဖြင့် စေတီတော်ကြီး၏ ကြံ့ခိုင်မှုများ စစ်ဆေးခြင်း၊ အမြန်ဆုံး တည်ထားကိုးကွယ်နိုင်ရေး လုပ်ငန်းစဉ် များအား မြို့နယ်အုပ်ချုပ်ရေးနှင့် တည်ဆောက်ရေး ကော်မတီတို့ဖြင့် ညှိနှိုင်းဆွေးနွေးလျက် ရှိကြောင်းနှင့် မကြာမီကာလအတွင်း ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူကာ တာဝတိံသာစေတီတော်ကြီးအား အမြန်ဆုံး ပြန်လည်တည်ထားသွားမည် ဖြစ်ကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)