ရန်ကုန် ဒီဇင်ဘာ ၁၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ (၃၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒေါက်တာ ကံဇော်၊ ဦးထွန်းအုံ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ နိုင်ငံခြားသံရုံးများနှင့် ညီနောင်မိတ်ဖက်အသင်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ သဘာပတိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ပုဂ္ဂလိကကဏ္ဍသည် အဓိက မောင်းနှင်အား တစ်ရပ် အဖြစ် ပါဝင်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ အကျိုးစီးပွား ကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည့်အတွက် လုပ်ငန်းရှင်များဘက်ကလည်း ပို့ကုန်မှရရှိသည့် နိုင်ငံခြားငွေများကို အချိန်နှင့် တစ်ပြေးညီ ပြည်တွင်းသို့ စီးဝင်နိုင်ရေး အလေးထား ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေး တိုးတက်မှုနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်းရရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ရာဂီမုန်တိုင်းနှင့် နယ်မြေဒေသ အခြေအနေများကြောင့် အချို့ကဏ္ဍများ၌ ထိခိုက်မှုရှိခဲ့သော်လည်း ဧပြီလ မှ စက်တင်ဘာလထိ ပထမခြောက်လ ကုန်ဆုံးချိန်တွင် GDP တိုးတက်မှုနှုန်း ၂ ဒသမ ၄ ရာခိုင်နှုန်း ရရှိခဲ့ပါကြောင်း၊ အသင်းချုပ်အနေဖြင့် မူဝါဒဆိုင်ရာ ကိစ္စရပ်များတွင် ပိုမို ကောင်းမွန်သည့် စီးပွားရေး ဝန်းကျင်ဖြစ်လာစေရန် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍအကြား ပေါင်းကူးသဖွယ် ဆောင်ရွက်ပေးနေခြင်းက များစွာအထောက်အကူ ဖြစ်စေပါကြောင်း ပြောကြားသည်။

ထို့နောက် အသင်း၏ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က နှစ်ပတ် လည်အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် ပြင်ပစာရင်းစစ် JF Group-Certified Public Accountants & Auditors ၏ စာရင်းစစ် အစီရင်ခံစာတို့ကို ဖတ်ကြားရှင်းလင်းပြီး မေးမြန်းအကြံပြုချက်များကို ဖြေကြားပေးကာ နှစ်ပတ်လည် အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းကို အတည်ပြုခြင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြင်ပစာရင်းစစ် ခန့်အပ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

ယင်းနောက် အသင်းချုပ် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ အမျိုးသားဇာတ်ရုံအတွင်း ခင်းကျင်းပြသထားသည့် ညီနောင်အသင်းများ၏ ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

သတင်းစဉ်