“ပိုးလမ်းမရုပ်ရှင်ပွဲတော်” ဒုတိယအကြိမ် တက်ဟုန်းအပြည်ပြည်ဆိုင်ရာ Micro Film ပြိုင်ပွဲကို တရုတ်နိုင်ငံ တယ်ဟုန်းပြည်နယ်ခွဲ မန်စီမြို့တွင် ဧပြီလ(သင်္ကြန်ကာလ)အတွင်း ကျင်းပမည်

မူဆယ် ၃ မတ်

 


တက်ဟုန်းအပြည်ပြည်ဆိုင်ရာ Micro Film ပြိုင်ပွဲကို တရုတ်နိုင်ငံ တကိဟုန်းပြည်နယ်ခွဲ မန်စီမြို့တွင် ပြုလုပ်ကျင်းပမည့် ဒုတိယအကြိမ် “ပိုးလမ်းမရုပ်ရှင်ပွဲတော်” အကြောင်းအရာနှင့်ပတ်သက်၍ မူဆယ်ခရိုင်၊ တာဝန်ရှိသူအဖွဲ့များနှင့်  

 

တက်ဟုန်းသတင်းမီဒီယာအုပ်စု ဒုတိယဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ အင်တာနက် သတင်းစင်တာ တာဝန်ခံ Mr.Lin YiNeng ဦးဆောင်အဖွဲ့တို့ မတ် ၂ ရက် မွန်းလွဲ ၂ နာရီတွင် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့  ရွှေလီကျယ်ဂေါင် နိုင်ငံတော်တံခါးပေါက် တရုတ်-မြန်မာ ယဉ်ကျေးမှုပြခန်းတွင် အလွတ်သဘော တွေ့ဆုံခဲ့သည်။

 


တွေ့ဆုံပွဲတွင် ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း အကြောင်းအရာများနှင့် ပြိုင်ပွဲစည်မျဉ်းစည်းကမ်းများကို ဆွေးနွေးခဲ့သည်။ ဒုတိယအကြိမ် “ပိုးလမ်းမရုပ်ရှင်ပွဲတော်”သို့ မြန်မာနိုင်ငံအတွင်းရှိ ရုပ်ရှင်ပညာရှင် အသင်းအဖွဲ့များ၊ မီဒီယာလုပ်ငန်းအဖွဲ့များ၊ တက္ကသိုလ်နှင့် ကောလိပ် ကျောင်းသားများ၊ ကုမ္ပဏီအဖွဲ့အစည်းများနှင့် ရုပ်ရှင်ဝါသနာရှင်များ  လာရောက်ယှဉ်ပြိုင် လေ့လာနိုင်ပြီး ပြိုင်ပွဲဝင်လက်ရာများကို မတ် ၂၅ ရက်မတိုင်ခင် ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

 


ပြိုင်ပွဲရုပ်ရှင်အမျိုးအစားများမှာ Micro Film (ကွန်ရက်လွင့်ရုပ်ရှင်)၊ Micro မှတ်တမ်းရုပ်ရှင်၊ Micro ကာတွန်းရုပ်ရှင်၊ VCR ကြော်ငြာနှင့် ပြည်သူ့နီတိကြော်ငြာ၊ တရုတ်မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ရုပ်သံတိုများဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး (MOV)၊ H264 Video decoding၊ MPG၊ MP4၊ RMVB၊ AVIများနှင့် အသုံးများသည့် Mainstream Player ဖြင့် ထုတ်လွှင့်နိုင်သည့် HD ပုံစံဖိုင်အမျိုးအစားများဖြင့် လက်ရာတစ်ခုလျှင် 4GB အထိ ယှဉ်ပြိုင်လက်ခံမည်ဖြစ်ကြောင်း သိရသည်။

 


ယင်းပြိုင်ပွဲကို အရှေ့တောင်အာရှနိုင်ငံများနှင့် ယဉ်ကျေးမှုဖလှယ်ရန်၊ ချစ်ကြည်မှုဖြင့် သံယောဇဉ်တည် ဆောက်နိုင်ရန်၊ ပိုးလမ်းမ၏ အောင်သီးအောင်ပွင့်များကို မျှဝေခံစားနိုင်ရန်၊ နယ်စပ်ဒေသ ယဉ်ကျေးမှု စည်ပင်ဝဖြိုးစေရန်၊ အိမ်နီးနားချင်းနိုင်ငံများအကြား ယဉ်ကျေးမှုရောယှက်၍ ခိုင်မာသည့် ပေါင်းကူးတံတာတစ်ခုဖြစ်လာစေရန်၊ လူ့စွမ်းအားနှင့် ယဉ်ကျေးမှုစွမ်းအားများ ပိုမိုကျယ်ပြန့်စွာ အကျိုးသက်ရောက်မှု ရရှိလာစေရန်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ပေါက်ဖော်ချစ်ကြည်ရေး ပိုမိုခိုင်မြဲလာစေရန်အတွက် ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

 


ဆက်လက်၍ ရုပ်ရှင်တိုပြိုင်ပွဲတွင် ဆုရရှိသူများကို ထိုက်ထိုက်တန်တန် ဆုများချီးမြှင့်သွားမည်ဖြစ်ပြီး ထူးချွန်သည့် ရုပ်ရှင်တိုလက်ရာများကို ပြည်ပနိုင်ငံများအထိ ဖြန့်ဝေပြသပေးသွားမည်ဖြစ်ကြောင်းနှင့် ရွေးချယ်ခံရသော Micro Film ရိုက်ကူးသူ မြန်မာနိုင်ငံသားအဖွဲ့အား စရိတ်ငြိမ်းဖိတ်ကြားပြီး ခရီးစဉ်များ အထူးစီစဉ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲသို့ ယှဉ်ပြိုင်လိုသူများအနေဖြင့် အချက်အလက် အသေးစိတ်များကို E-mail:[email protected] ၊ တရုတ်ဖုန်းနံပါတ် 0086-15987570911 နှင့် 086-13887870168 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 


ဗန်ရိုးထန်(ပြန်/ဆက်)

 

aaa