၂၃ အောက်တိုဘာ
ပိုလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူစက်မှု များပြားနေတဲ့အတွက် တစ်နိုင်ငံလုံးကို အနီရောင်ဇုန်အဖြစ် သတ်မှတ်လိုက်ကြောင်း ဝန်ကြီးချုပ်က ဒီနေ့(သောကြာနေ့) မှာ ကြေညာလိုက်ပါတယ်။ နိုင်ငံတစ်ဝန်းရှိ မူလတန်းကျောင်းတွေအပါအဝင် စားသောက်ဆိုင်တွေကိုပါ ပိတ်ထားကြောင်း သိရပါတယ်။
လူဦးရေ ၃၈ သန်း နေထိုင်တဲ့ ပိုလန်နိုင်ငံမှာ ၂၄ နာရီအတွင်း ပိုးတွေ့ရှိသူ ၁၃,၆၃၂ ဦး ရှိကြောင်း ဒီနေ့ ကြေညာအပြီး နိုင်ငံကို အနီရောင်ဇုန်အဖြစ်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
အနီရောင်ဇုန်အဖြစ် သတ်မှတ်တဲ့အမိန့်ဟာ စနေနေ့တွင် စတင်မှာဖြစ်ပြီး မူလတန်းကျောင်းတွေကို ပိတ်ထားပြီး အထက်တန်းကျောင်းတွေနဲ့ တက္ကသိုလ်တွေကို အွန်လိုင်းမှ သင်ကြားရန်၊ နေအိမ်တွေမှ အလုပ်လုပ်ရန်၊ အသက် ၇၀ ကျော်သူတွေကို အိမ်မှာဘဲနေရန်၊ အသက်အရွယ်ကြီးသူတွေအတွက် လိုအပ်တဲ့အကူအညီတွေကို စေတနာ့ဝန်ထမ်းတွေက ဆောင်ရွက်ပေးသွာမယ့်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေနဲ့ ဘားတွေဟာ ပါဆယ်သာရောင်းခွင့်ရှိမှာဖြစ်ပြီး အားကစားခန်းမတွေနဲ့ ရေကူးကန်တွေကို ပိတ်ထားရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူ ၅ ဦးထက်ပိုပြီး စုဝေးခွင့်မရှိကြောင်း၊ မင်္ဂလာအခမ်းအနားနဲ့ ဘာသာရေးဆိုင်ရာ အခမ်းအနားတွေမှာ လူဦးရေအကန့်အသတ်နဲ့ တက်ရောက်ခွင့်ရှိကြောင်း သိရပါတယ်။
အလားတူ ဈေးဆိုင်တွေနဲ့ အများသုံးယာဉ်တွေမှာ လူအကန့်သတ်နဲ့သာ အသုံးပြုခွင့်ရှိနေပါတယ်။
ပိုလန်နိုင်ငံရဲ့ အမျိုးသားအားကစားရုံကို ယာယီဆေးရုံအဖြစ် ပြောင်းလဲလိုက်ပြီး ပိုးတွေ့လူနာတွေကိုကုသရန် ဆောင်ရွက်နေကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP