ပိုးမွှားကင်းစင်ကြောင်းလက်မှတ် မရရှိသည့်အတွက် ဆန်အိတ် တစ်သိန်းခန့် ကျယ်ဂေါင်မြို့တွင် ပိတ်မိနေပြီး နောက်ထပ်တင်ပို့မည့်ဆန်များလည်း တင်ပို့မရဖြစ်နေ

၃၀ ဧပြီ 


ပိုးမွှားကင်းစင်ကြောင်းလက်မှတ် မရရှိသည့်အတွက် ဆန်အိတ် တစ်သိန်းခန့် ကျယ်ဂေါင်မြို့တွင် ပိတ်မိနေပြီး နောက်ထပ်တင်ပို့မည့်ဆန်များလည်း တင်ပို့မရ ဖြစ်နေကြောင်း  မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးမင်းသိန်း က ယနေ့တွင် ပြောသည်။


"ဆန်ကတော့ လုံးဝသွားလို့မရဘူး ဖြစ်နေတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီလ ဧပြီ ၃ ရက်နေ့ကစပြီး ကျယ်ဂေါင်မှာ ဆန်အိတ်ရေ တစ်သိန်းလောက် ပိတ်မိနေတယ်၊ အဲဒီတစ်သိန်းက တရုတ်ဘက်ကနေပြီးတော့ တရားဝင်ပါမစ်နဲ့ တရားဝင်သွားတဲ့ဆန်၊ တရုတ်ဘက်ကနေ ပိုးမွှားကင်းစင်ကြောင်း ဗဟိုကနေ ထောက်ခံချက်တောင်းတယ်၊ ထောက်ခံချက် တောင်းတဲ့အချိန်မှာ ထောက်ခံချက်က အခုထက်ထိ မပေးနိုင်သေးဘူး ဖြစ်နေတယ်၊ ဒါပေမယ့် စိုက်ပျိုးရေးဦးစီးဌာနကတော့ ကြိုးစားပမ်းစား လုပ်ပေးနေပါတယ်၊ အခုတော့ မူဆယ်မှာရှိတဲ့ ဂိုဒေါင်တွေမှာ လိုက်စစ်နေတယ်၊ ပိုးမွှား သန့်စင်နေတယ်၊ ပိုးမွှားတွေလိုက်သတ်တယ်၊ ပိုးမွှား ထောင်ချောက်တွေလုပ်တယ်၊ မီးထောင်ချောက်တွေ လုပ်တယ်၊ ကြွက်ထောင်ချောက်တွေ လုပ်ပြီးတော့ ပိုးမွှား သန့်စင်တဲ့ကိစ္စတွေ လုပ်နေတယ်၊ ဒါပေမယ့် ဒီနေ့ထိတော့ မရသေးဘူး၊ ဒါကြောင့် ကျယ်ဂေါင်ထဲမှာ ဆန်အိတ် တစ်သိန်းလောက် ပိတ်မိနေတဲ့အတွက် နောက်ဆန်တွေလည်း သွားလို့မရဘူး ဖြစ်နေတယ်"ဟု ဦးမင်းသိန်း က ပြောသည်။


ပြီးခဲ့သည့် ဧပြီ ၃ ရက်မှစ၍ တရုတ်နိုင်ငံသို့ မြန်မာ့ဆန်များကို တင်ပို့ရာတွင် စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပေးသည့် ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက် ရရှိသည့် ဆန်များသာ တရုတ်ပြည်ထဲသို့ ဝင်ခွင့်ပြုသဖြင့် ကျယ်ဂေါင်မြို့တွင် ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက် မရရှိသည့် ဆန်အိတ်တစ်သိန်းခန့် ပိတ်မိနေခြင်းဖြစ်သည်။

 

ယခင်က(မတ်လ ၃၁ ရက်အထိ) တရုတ်နိုင်ငံသို့ မြန်မာ့ဆန်များကို တင်ပို့ရာတွင် မူဆယ် ၁၀၅ မိုင်ရှိ ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်ဖြင့် သွား၍ရသော်လည်း ယခုအခါ စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပေးသည့် ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက် ရရှိသည့် ဆန်များသာ တရုတ်ပြည်ထဲသို့ ဝင်ခွင့်ပြုသဖြင့် ဆန်ကုန်သည်များအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်ထံမှ သိရသည်။


"တရုတ်နိုင်ငံက ဧပြီ ၃ ရက်က စပိတ်လိုက်တော့ ဆန်အိတ်တွေက ပိတ်မိနေတော့ ဆန်အိတ်တွေက ကားပေါ်မှာ ၄/ ၅ ရက်လောက် ထားပြီးတော့ ကားသမားတွေက လက်မခံတော့ ဂိုဒေါင်ချလိုက်ရတယ်၊ ဂိုဒေါင်ချတဲ့အတွက် ဂိုဒေါင်ခတွေပေးရတယ်၊ တင်ခ ချခ အလုပ်သမားခတွေ ပေးရတယ်၊ အဲဒီမှာတင် ဂိုဒေါင်နဲ့ အလုပ်သမားခနဲ့ တစ်အိတ်ကို ငွေကျပ် ၃၀၀ လောက် နစ်နာသွားတယ်"ဟု ၎င်းက ဆက်ပြောသည်။


လက်ရှိတွင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မူဆယ်ရှိ ဆန်ဂိုဒေါင်များမှ ဆန်အိတ် ငါးသောင်းခန့်ကို ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်လက်မှတ် ထုတ်ပေးရန် လာရောက်စစ်ဆေးနေပြီး ယင်းစစ်ဆေးမှုပြီးပါက ကျယ်ဂေါင်ရှိ ပိတ်မိနေသော ဆန်အိတ် တစ်သိန်းခန့်ကို ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက် လက်မှတ် ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။ ဆန်အိတ်တစ်သိန်းခန့်အတွက်  ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက် လက်မှတ်ရရှိပါက အဆင်ပြေပြီး နောက်မှ တင်ပို့မည့် ဆန်များလည်း ဆက်လက်တင်ပို့နိုင်မည်ဖြစ်သည်။


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှလည်း ကိုဗစ် ၁၉ ကာလအတွင်း ပြည်ပတင်ပို့မည့် ဆန်နှင့် ဆန်ကွဲ ပို့ကုန်လိုင်စင်အတွက် လစဉ်ပင်လယ်ရေကြောင်းမှ တန်ချိန်တစ်သိန်းနှင့် နယ်စပ်လမ်းကြောင်းမှ တန်ချိန်ငါးသောင်း စုစုပေါင်းတန်ချိန် တစ်သိန်းခွဲအထိကို မေလတွင် စတင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


ထိုသို့ ပြည်ပဆန်တင်ပို့ရောင်းချမှုကြောင့် ပြည်တွင်းစားနပ်ရိက္ခာ အခက်အခဲ မဖြစ်စေရန်အတွက် တင်ပို့သည့် တန်ချိန်ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော်အရန်ဆန် အဖြစ် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ထားရှိရမည်ဖြစ်ကြောင်း သိရသည်။


ထို့ပြင် ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွား နေချိန်အတွင်း ပြည်တွင်းစားနပ် ရိက္ခာဖူလုံရန် ဆန်တန်ချိန် ငါးသောင်းနှင့် စားအုန်းဆီ တန်ချိန် ၁၂,၀၀၀ ဝယ်ယူစုဆောင်းရန် အစိုးရက ကျပ် ၃၈ ဘီလီယံ ထုတ်ယူသုံးစွဲမည်ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။


လက်ရှိ ဘဏ္ဍာနှစ် ခြောက်လကျော်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၇ သိန်းခန့် တင်ပို့ထားကာ ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂၃ သိန်းကျော် တင်ပို့ထားကြောင်း သိရသည်။


ငြိမ်းငြိမ်း