ရှင်မင်း၊ ဓာတ်ပုံ-ထိန်နန်နော်

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူငါးရာကျပ်တန် ပုံစံသစ်ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၉ ရက်က ထုတ်ဝေခဲ့သည်။ ဗိုလ်ချုပ်ရုပ်ပုံပါငွေစက္ကူ တစ်ထောင်တန် ပုံစံသစ်ကိုလည်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်က ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ထိုသို့ ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူထုတ်ဝေသုံးစွဲမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။


မေး။ ။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေကျပ် ၅၀၀ တန် ငွေစက္ကူပုံစံသစ်ကို ဇူလိုင် ၁၉ ရက်နေ့မှာ ထုတ်ဝေခဲ့တယ်။ ဒီလိုထုတ်ဝေခဲ့တဲ့ အခြေအနေကို ပြောပြပေးပါ။

 

ဖြေ။ ။ ပြည်သူတွေအနေနဲ့ လက်ရှိကိုင်တွယ်သုံးစွဲနေတဲ့ ငွေစက္ကူတွေကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံနဲ့ ဂုဏ်ပြုရိုက်နှိပ်ထားတဲ့ ငွေစက္ကူတွေ ကိုင်တွယ်သုံးစွဲနိုင်စေဖို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံနဲ့ ငွေစက္ကူပုံစံသစ်အမျိုးမျိုးကို ထုတ်ဝေဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် ဒီရည်ရွယ်ချက်အတိုင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေကျပ် ၁၀၀ဝ တန် ငွေစက္ကူသစ်ကို စတင်ထုတ်ဝေခဲ့ပြီးတော့ ကျပ် ၅၀၀ တန်ပုံစံသစ်ကိုလည်း ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ထပ်မံထုတ်ဝေရခြင်းဖြစ်ပါတယ်။


မေး။ ။ ငွေစက္ကူပုံစံသစ်ရဲ့ ပုံသဏ္ဌာန်အချက်အလက်တွေကို သိရှိလိုပါတယ်။

 

ဖြေ။ ။ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ကျပ် ၅၀၀ တန် ငွေစက္ကူပုံစံသစ်ရဲ့ မျက်နှာစာဘက်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံနဲ့ ကျောဘက်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက် အအုံပုံ ရိုက်နှိပ်ထားပါတယ်။ ကျပ် ၅၀၀ တန် ငွေစက္ကူ ပုံစံသစ် အရွယ်အစားက အလျား မီလီမီတာ ၁၅၀ နဲ့ အနံ မီလီမီတာ ၇၀ ရှိပါတယ်။ ပေါ်လွင်သော အရောင်က နီညိုရောင် ဖြစ်ပါတယ်။


ငွေစက္ကူဆေးသားရိုက်နှိပ်ရာမှာ ဖောင်းကြွပုံနှိပ်နည်းစနစ်နဲ့ ရိုက်နှိပ်ထားတဲ့အတွက် ငွေစက္ကူရဲ့တန်ဖိုး ဂဏန်းနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာသားနေရာတွေက ပီပြင်ထင်ရှားတဲ့အပြင် လက်နဲ့စမ်းသပ်ကြည့်ရင် ကြမ်းတမ်းမှု ရှိကြောင်းတွေ့ရှိရပါတယ်။ ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းနဲ့ အလျားလိုက်၊ အင်္ဂလိပ်အက္ခရာ အင်္ဂလိပ်ဂဏန်းနဲ့ ဒေါင်လိုက်ရိုက်နှိပ်ထားပါတယ်။


ငွေစက္ကူရဲ့မျက်နှာစာဘက်ရှိ ဘယ်/ညာ အစွန်းတွေမှာ အမြင်အာရုံအားနည်းသူတွေအတွက် လက်နဲ့ ထိတွေ့ စမ်းသပ်ကြည့်ရင် အာရုံခံသိရှိနိုင်တဲ့ ဖောင်းကြွလိုင်းတို မျဉ်းကြောင်းငယ်(၉) ကြောင်းစီ ရိုက်နှိပ်ထားပါတယ်။ ငွေစက္ကူပုံစံသစ်ကို အလင်းရောင်မှာ ထောင်ကြည့်ရင် ငွေစက္ကူမျက်နှာစာဘက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံရဲ့ လက်ဝဲဘက်မှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံနဲ့ ငွေစက္ကူရဲ့ တန်ဖိုးဂဏန်း ၅၀၀ ရေစာကို ရှင်းလင်းစွာ တွေ့မြင်နိုင်ပါတယ်။


ငွေရောင်လုံခြုံရေးကြိုးကို တစ်ဝက်ဖုံးတစ်ဝက်ပေါ် ဒေါင်လိုက်မြှုပ်နှံထားပါတယ်။ ငွေစက္ကူမျက်နှာစာရဲ့ လက်ယာဘက်က မြန်မာစာသား “ငါးရာကျပ်” နံဘေး နီညိုရောင် ဧရိယာကို ၄၅ ဒီဂရီခန့် တိမ်းစောင်းကြည့်ရင် အင်္ဂလိပ်အက္ခရာ “CBM” ကို တွေ့မြင်နိုင်ပါတယ်။


မေး။ ။ အခုထုတ်ဝေတဲ့ ကျပ် ၅၀၀ တန်ပုံစံသစ်နဲ့ ထုတ်ဝေခဲ့ပြီးတဲ့ ကျပ် ၅၀၀၀ တန် အရောင်ဆင်တူနေတယ်၊ ကွဲကွဲပြားပြားလုပ်သင့်တယ်လို့ ပြင်ပမှာ ပြောဆိုနေတာတွေအပေါ် ဆွေးနွေးပေးစေလိုပါတယ်။


ဖြေ။ ။ မြန်မာနိုင်ငံမှာ လည်ပတ်သုံးစွဲနေတဲ့ ငွေစက္ကူတန်ဖိုး အမျိုးအစား (၁၄)မျိုးရှိနေပြီး အရောင်အမျိုးမျိုး ဖြစ်ပါတယ်။ လက်ရှိပုံစံအဟောင်းတွေနဲ့ အရောင်ဆင်တူနိုင်ပါတယ်။ ဒါပေမယ့် ငွေစက္ကူတန်ဖိုးနဲ့ ပါဝင်တဲ့ လုံခြုံရေးအချက်အလက်တွေ ကွာခြားမှုရှိပါတယ်။ ဗိုလ်ချုပ်ရုပ်ပုံပါဒီဇိုင်း(Series) ငွေစက္ကူတွေမှာတော့ အရောင်တွေ ကွဲပြားမှာဖြစ်ပါတယ်။


မေး။ ။ ကျပ် ၅၀၀ တန်ငွေစက္ကူပုံစံသစ်ရဲ့ ကျောဘက်မှာပါတဲ့ အလံကိစ္စကို ပြင်ပလူမှုကွန်ရက်
မှာ ပြောဆိုနေကြခြင်းကိုလည်း ရှင်းပြပေးစေချင်ပါတယ်။

 

ဖြေ။ ။ ဗိုလ်ချုပ်ရုပ်ပုံပါ ကျပ် ၅၀၀ တန်ငွေစက္ကူသစ်ရဲ့ ကျောဘက်မှာပါတဲ့ အဆောက်အအုံပုံက
နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံး အဆောက်အအုံပုံဖြစ်ပါတယ်။ ဗဟိုဘဏ်အဆောက်အအုံ ရှေ့မှာ နိုင်ငံတော်အလံက အလယ်၊ ဘေးနှစ်ဖက်က ဗဟိုဘဏ်အလံ ၂ ခု လွှင့်ထူထားခြင်းပဲ ဖြစ်ပါတယ်။

 

မေး။ ။ ထုတ်ဝေခဲ့ပြီးတဲ့ ဗိုလ်ချုပ်ပုံပါ ကျပ် ၁၀၀၀ တန် ငွေစက္ကူတွေ ပြင်ပမှာ ပေါပေါများများ မတွေ့ရ
ဖြစ်နေပါတယ်။ အခု ကျပ် ၅၀၀ တန်လည်း များများထုတ်ဝေစေချင်ကြပါတယ်။ ဒီအတွက် ဆောင်ရွက်ထားမှု ကိုလည်း ရှင်းပြပေးစေလိုပါတယ်။

 

ဖြေ။ ။ ငွေစက္ကူတွေဟာ ပြည်သူတွေအတွင်း လည်ပတ်သုံးစွဲနေပြီး ဟောင်းနွမ်းငွေစက္ကူတွေက
ဘဏ်တွေကတစ်ဆင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ပြန်လည်ရောက်ရှိလာတဲ့အခါ ငွေစက္ကူအသစ်တွေကို ပြန်လည် ထုတ်ဝေပေးလျက်ရှိပါတယ်။ ကျပ် ၁၀၀၀ တန် ငွေစက္ကူသစ်တွေက ဗိုလ်ချုပ်ပုံဖြစ်လို့ အမြတ်တနိုး သိမ်းဆည်းထားကြတာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာ ကျပ် ၁၀၀၀ တန် ငွေစက္ကူတွေကိုလည်း လှည့်လည် တွေ့ရှိလာပါတယ်။ သုံးစွဲမှုရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မူလပုံစံပျက်စီးလို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှာ လာရောက်လဲလှယ်မှုတွေ ရှိနေပါတယ်။

 

မေး။ ။ ငွေစက္ကူသစ်ထုတ်ခြင်းကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်မလား။ စီးပွားရေးထိခိုက်မှု ဖြစ်စေမလားဆိုတာ ကိုလည်း ရှင်းပြပေးပါဦး။

 

ဖြေ။ ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ရည်ရွယ်ချက်က ပြည်တွင်းဈေးနှုန်း တည်ငြိမ်မှုရရှိစေဖို့နဲ့ ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်နဲ့အညီ ငွေကြေးတည်ငြိမ်ရေး အောင်မြင်ဖို့အတွက် ငွေကြေးမူဝါဒကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရပါတယ်။ ငွေကြေးမူဝါဒထဲမှာ ငွေကြေးဖောင်းပွမှုမဖြစ်အောင် ထိန်းသိမ်းခြင်း ပါဝင်ပါတယ်။ နိုင်ငံရဲ့ ရငွေ၊ သုံးငွေ ခန့်မှန်းချက်တွေအရ ဘတ်ဂျက်လိုအပ်ချက်အခြေအနေ၊ ဘဏ်တွေမှာရှိနေတဲ့ ငွေစက္ကူ လက်ကျန်အခြေအနေ၊ ဗဟိုဘဏ်မှာရှိနေတဲ့ ငွေစက္ကူလက်ကျန်အခြေအနေ၊ ဟောင်းနွမ်းငွေစက္ကူတွေ ဖျက်ဆီးတဲ့အခြေအနေ၊ CIC လို့လည်းခေါ်တဲ့ ပြည်သူတွေအတွင်းမှာ ရောက်ရှိလည်ပတ်နေတဲ့ ငွေကြေးအခြေအနေ တွေကို အခြေခံပြီးတော့ ငွေကြေးမူဝါဒ မူဘောင်အတွင်းကနေ ဘဏ္ဍာနှစ်အလိုက် ငွေကြေးလိုအပ်ချက်ကို တွက်ချက်သတ်မှတ်ပါတယ်။

 

ဒီငွေကြေးလိုအပ်ချက်ဘောင်အတွင်းကပဲ ငွေစက္ကူအမျိုးအစားတွေကို လိုအပ်သလို ချိန်ဆပြီး ရိုက်နှိပ် ထုတ်ဝေနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သတ်မှတ်ချက်ဘောင်အတွင်းမှာပဲ ချိန်ဆဆောင်ရွက်နေတဲ့အတွက် ဒီ ကျပ် ၅၀၀ တန် ငွေစက္ကူပုံစံသစ်ထုတ်ဝေမှုကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဘူးဆိုတာ ပြောကြားလိုပါတယ်။

 

မေး။ ။ ပြည်သူတွေကိုအသိပေးလိုတဲ့ အချက်ရှိရင်လည်း ပြောပြပေးပါ။

 

ဖြေ။ ။ ပြည်သူတွေအနေနဲ့ စီးပွားရေးတိုးတက်မှု မြန်ဆန်အောင် အထောက်အကူဖြစ်စေသော၊ ငွေကြေး စီးဆင်းမှုမြန်စေသော၊ ငွေကြေးလည်ပတ်မှုမြန်တဲ့ Mobile Payment တွေ၊ ကတ်စနစ်နဲ့ ငွေပေးချေခြင်းတွေ၊ စာရင်းပြောင်းစနစ်နဲ့ ငွေပေးချေခြင်းတွေကို ပိုမိုသုံးစွဲကြစေလိုပါတယ်။ မဖြစ်မနေ ကိုင်တွယ်သုံးစွဲရမယ့် ငွေစက္ကူတွေကိုလည်း ပိုမိုအဆင့်မြင့်သော၊ ပိုမိုလုံခြုံစိတ်ချရသော ငွေစက္ကူတွေ ကိုင်တွယ်သုံးစွဲနိုင်ဖို့ကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အလေးထား ဆောင်ရွက်ပေးနေပါတယ်။ ငွေစက္ကူတွေပျက်စီးညစ်နွမ်းစေတဲ့ ကိစ္စတွေမဖြစ်အောင် ကိုင်တွယ်သုံးစွဲပေးကြဖို့နဲ့ ငွေစက္ကူတွေပေါ်မှာ စာလုံးများရေးသားခြင်း၊ ဂဏန်းများ ရေးမှတ်ခြင်း၊ ရုပ်ပုံများရေးဆွဲခြင်းတွေ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားလိုပါတယ်။   ။