နန္ဒာဝင်း
တောင်သူ ဦးဇော်ဝမ်းတစ်ယောက် နာမည်ကြီး ဈေးအရောင်းစင်တာတစ်ခုတွင် ပါကင်လှလှထုပ်ပိုးပြင်ဆင်ထားသည့် လိမ္မော်သီးများကို သတိပြုမိသည်။ တံဆိပ်တွင် ထိုင်းစာများ ရေးသားထားပြီး ဈေးနှုန်းမှာ တစ်လုံးကို ငွေကျပ် တစ်ထောင်ကျော် ဖြစ်သည်။ ဝယ်ယူ၍ မြည်းစမ်းကြည့်ရာ လိမ္မော်သီးဖတ်များသည် နူးနူးညံ့ညံ့ဖြင့် မြန်မာနိုင်ငံက စိုက်ပျိုးသည့်လိမ္မော်သီးများထက် အရသာပိုသည်ကို သတိပြုမိသည်။
“ထိုင်းက လာတဲ့ လိမ္မော်သီးတွေပါ။ export အဆင့်မီအောင် လုပ်ထားတယ်။ ဈေးနှုန်းက ကျွန်တော်တို့ ဒီမှာ ၃၀ဝ လောက်နဲ့ ရောင်းရတာ၊ သူတို့က ၁၀ဝဝ ကျော် ရတယ်။ သဘောကျဖို့ ကောင်းတယ်။ ကျွန်တော်တို့လည်း နိုင်ငံခြား export အဆင့်မီ သီးနှံအမယ်မျိုးတွေ ကို စိုက်ချင်တယ်” ဟု တောင်သူလုပ်သက် ၂၈ နှစ် ရှိပြီဖြစ်သည့် ဦးဇော်ဝမ်းက ပြောသည်။
ဦးဇော်ဝမ်းသည် အုတ်တွင်းမြို့နယ် ဥယျာဉ်တော်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူဖြစ်ပြီး စပါးအပြင် သခွား၊ ပြောင်း ၊ ကြက်သွန်နီ၊ ကြက် သွန်ဖြူ စသည့်သီးနှံတို့ကိုလည်း စိုက်ပျိုးနေသူ ဖြစ်သည်။
တောင်သူများ၏ မျှော်လင့်ချက်
မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေး ကို အခြေခံသည့် နိုင်ငံဖြစ်ပြီး လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေသူများ ဖြစ်ကြသည်။ အများစုမှာ ဦးဇော်ဝမ်းကဲ့သို့ လယ်ယာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးကြသူများဖြစ်ကြပြီး သမားရိုးကျစိုက်ပျိုး ထုတ်လုပ်နေရာမှ ဝင်ငွေပိုမိုရရှိသည့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးသည် တောင်သူတို့၏ မျှော်လင့်ချက်လည်းဖြစ်သည်။
ထို့ကြောင့် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ ထုတ်လုပ်နိုင်မှုစွမ်းအား မြင့်မားပြီး ဈေးကွက် လိုအပ်ချက်နှင့်အညီ အရည်အသွေးမီ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ဇန်နဝါရီ ၃၀ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် အုတ်တွင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းမှ ထွက်ရှိလာသော ကုန်ကြမ်းများကို ကမ္ဘာ့ဈေးကွက်ဝင် တန်ဖိုးမြှင့် ကုန်ပစ္စည်းများ ဖြစ်အောင် ပြည်တွင်း၌ပင် အရည်အသွေး ပြည့်မီအောင် ထုတ်လုပ်နိုင်ပြီး နိုင်ငံတကာသို့ ဈေးကွက်ချဲ့ထွင်နိုင်ရေး ပြည်ထောင်စုအစိုးရ အား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့ တင်ခဲ့သည်။
“တောင်သူတွေဟာလည်း တစ်ပိုင်တစ်နိုင် အနေနဲ့ မွေးမြူရေးလုပ်ငန်းတွေကို လုပ်ကိုင် ကြတယ်။ ဝက်တွေမွေးတယ်၊ နွားတွေမွေးတယ်။ ဒါ့အပြင် စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အင်တိုက်၊ အားတိုက် လုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တွေလည်း မြောက်မြားစွာရှိနေတယ်။ အဲဒီလို ပြည်တွင်းက ထွက်ရှိလာတဲ့ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်တွေကို တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) အဖြစ် ထုတ်လုပ်နိုင်ဖို့အတွက် ဒီအဆိုကို တင်သွင်းရတာဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက ပြောသည်။
ရရှိလာနိုင်သော အလုပ်အကိုင်အခွင့်အလမ်းများ
လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းမှ ထွက်ရှိသော ကုန်ကြမ်းများကို ကမ္ဘာ့ ဈေးကွက်ဝင် တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းအဖြစ် ထုတ်လုပ်ခြင်းအားဖြင့် နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်ခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး ပြည်ပဈေးကွက်ကို ယှဉ်ပြိုင်ရောင်းချနိုင် ခြင်းဖြင့် ပို့ကုန်ဝင်ငွေတိုးလာစေခြင်း၊ ထို့အတူ တစ်ဖက်တွင်လည်း သွင်းကုန်အစားထိုးလုပ်ငန်းများ တိုးတက်လာသည့်အတွက် သွင်းကုန်ကို လျော့နည်းစေပြီး ကုန်သွယ်မှုလိုငွေကို လျော့ကျစေခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေမှုကို ထိန်းချုပ်နိုင်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည်။ တိုင်းပြည်အတွက်ဝင်ငွေ နှင့် အခွန်ရငွေများလည်း တိုးတက်ရရှိလာမည်ဖြစ်ကြောင်း သိရသည်။
“ဒီတန်ဖိုးမြှင့်ထုတ်ကုန်တွေကို ကိုယ့်နိုင်ငံမှာ တန်ဖိုးမြှင့်ထုတ်လို့ရပေမယ့် အခြားနိုင်ငံတွေက တင်သွင်းလာတာတွေ အများကြီးရှိတယ်။ လှလှပပ ထုပ်ပိုးပြင်ဆင်ပြီး ဆိုင်ကြီးတွေမှာ ရောင်းနေတာ။ ဒါတွေက ကိုယ့်မြန်မာနိုင်ငံမှာပဲ ထွက်ရှိလာတဲ့ သီးနှံတွေ၊ မွေးမြူရေးထုတ်ကုန်ပစ္စည်းတွေကို ပြန်ပြီး တန်ဖိုးမြှင့်ကုန်ပစ္စည်းအဖြစ် လှလှပပ လုပ်ဆောင်ထားတာ။ ဒါတွေကို ပြည်ပကနေ တင်သွင်းလာပြီး ရောင်းချတာဖြစ်တယ်။ အဲဒီလို ပြည်ပက တင်ပို့တဲ့ ကုန်ပစ္စည်းတွေကလည်း မြောက်မြားစွာ ဖြစ်နေတယ်။ နိုင်ငံခြားက ကုန်ပစ္စည်းမှာယူရတာတွေ လျော့ကျလာရင် မြန်မာနိုင်ငံမှာ နှစ်တိုင်းကြုံတွေ့နေရတဲ့ ကုန်သွယ်ရေး လိုငွေပြမှုကိုလည်း လျော့နည်းသွားနိုင်စေတယ်။ ကုန်သွယ်ရေး လိုငွေပြမှုနဲ့အတူ မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ငွေကြေးဖောင်းပွမှု တည်ငြိမ်ဖို့ကိုလည်း အထောက်အကူဖြစ်စေပါတယ်”ဟု ဒေါ်ချိုချိုက သုံးသပ်ပြောကြားသည်။
“လယ်ယာထုတ်ကုန်တွေကို အမြဲဝယ်နေကျ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက အမြဲတမ်းဈေးကွက် တွေပျက်ပြီး ဈေးနှုန်းတွေက ကျဆင်းတယ်။ ဈေးကျကုန်တဲ့အတွက် တောင်သူတွေ အရှုံးပေါ် ကြတယ်။ အဲဒီအခါ ထွက်ရှိလာတဲ့ သီးနှံတွေ မွေးမြူရေးထွက်ကုန်ပစ္စည်းတွေကို တန်ဖိုးမြှင့် ထုတ်ကုန်တွေအဖြစ် ထုတ်လုပ်မယ်ဆိုရင် အိန္ဒိယနဲ့ တရုတ်က မဝယ်လည်း ကိုယ့်ရဲ့ပစ္စည်းက တန်ဖိုးမြင့် နေပြီဆိုရင် အခြားနိုင်ငံတွေကို တင်ပို့ဖို့ ဈေးကွက် တွေ ရှာဖွေလို့ရတယ်။ ဒီလို ကိုယ့်နိုင်ငံက ထုတ်ကုန်တွေကို Value Added လုပ်လိုက်ခြင်း အားဖြင့် ရရှိလာမယ့်အကျိုးကျေးဇူးတွေက အများ ကြီးရှိတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပြည်တွင်းမှာပင် တန်ဖိုးမြှင့်ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်းအားဖြင့် လုပ်သားလိုအပ်ချက် ယခုထက်ပိုမိုများပြားလာပြီး အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်ရရှိလာမည်ဖြစ်သည်။ ထို့ပြင် ပြည်ပသို့ ရောက်နေသော တန်ဖိုးမြှင့်ထုတ်ကုန်နှင့် ပတ်သက်သည့်အတွေ့အကြုံ၊ နည်းပညာကျွမ်း ကျင်မှုရှိသူများကိုလည်း မိမိတို့နိုင်ငံရှိ Value Added လုပ်ငန်းများတွင် ပြန်လည်ခေါ်ယူခန့် ထားနိုင်သည့်အတွက် ယိုစီးနေသည့် လူ့စွမ်းအား အရင်းအမြစ်များ၏ အင်အားကိုလည်း ပြန်လည် စုစည်းနိုင်မည်ဖြစ်သည်။
နိုင်ငံတကာအဆင့်ထုတ်လုပ်မှု
အာဆီယံစီးပွားရေး အသိုက်အမြုံ (AEC)ဖြစ်လာပါက နိုင်ငံတကာမှ ကုန်ပစ္စည်းများ၊ ရင်းနှီး မြှပ်နှံမှုများနှင့် လုပ်သားတို့သည် လွတ်လပ်စွာ ဝင်ထွက်နိုင်တော့မည်ဖြစ်သဖြင့် မြန်မာလုပ်ငန်း ရှင်များအနေဖြင့် မြန်မာ့ကုန်ပစ္စည်းများ ဈေးကွက်တွင် ယှဉ်ပြိုင်ပါ့မလားဆိုသည့် စိုးရိမ်ပူပန်မှုများ လည်း ရှိနေကြသည်။
“ကုန်ကြမ်းဆိုရင်လည်း ကုန်ကြမ်းအရည် အသွေးမီအောင်၊ ကုန်ချောဆိုလည်း ကုန်ချော အရည်အသွေး မီအောင် ကြိုးစားဖို့ လိုအပ်နေပြီ ဖြစ်သလို Made in Myanmar ဆိုတဲ့ ကုန်ပစ္စည်းတွေ ပေါ်ထွက်လာဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ထွက်ရှိတဲ့ ကုန်ပစ္စည်းက နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ လိုတယ်” ဟု ပညာရှင်များကလည်း သုံးသပ်ကြသည်။
Made in Myanmar ကုန်ပစ္စည်းများ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ရန်ဆိုသည် မှာလည်း တီထွင်ဆန်းသစ်မှုများနှင့် အရည်အသွေးသည် နိုင်ငံတကာအဆင့်မီဖြစ်ရန် လိုအပ်သည်။ အစားအသောက်ဆိုလျှင်လည်း နိုင်ငံတကာက သတ်မှတ်ထားသည့် အစားအစာ ဘေးကင်းလုံခြုံရေး (Food Safety) နှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ကိုင်နိုင်ရန် လိုအပ်ပြီး အဝတ်အထည်၊ လူသုံးကုန်နှင့် အခြားအသုံးအဆောင် ပစ္စည်းများသည်လည်း နိုင်ငံတကာမှ ဝယ်ယူသူစိတ်တိုင်းကျ အရည် အသွေးများကို ထုတ်လုပ်ပေးနိုင်မှသာ Made in Myanmar ကုန်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။
“မြန်မာပြည်သူတွေအနေနဲ့လည်း ဈေး သက်သာတာကို စိတ်ဝင်စားကြမှာပါ။ ဒါကြောင့် အရည်အသွေးကလည်း တူတယ်ဆိုရင် ဈေးသက်သာတာကို ဝယ်ကြမှာ ဖြစ်ပါတယ်။ ပြည်တွင်းဖြစ်ကို အားပေးပါဆိုပေမယ့်လည်း ကိုယ့်ရဲ့ ကုန်ပစ္စည်းက အရည်အသွေးပြည့်မီမှသာ ပြည်သူကလည်း အားပေးမှာ ဖြစ်ပါတယ်။ အရည်အသွေး မပြည့်မီတော့ အားမပေးကြဘူး၊ အဲဒီတော့ နောက်ဆုံးအရှုံးတွေ ပေါ်ကြတယ်။ လုပ်ငန်းတွေ ရပ်ဆိုင်းသွားရတယ်။ ဒါမျိုးတွေက မဖြစ်သင့်တော့ဘူး” ဟု ဒေါ်ချိုချိုက ပြောသည်။တစ်ဖက်တွင်လည်း တန်ဖိုးမြှင့်ထုတ်ကုန် ပစ္စည်းဟုဆိုရာတွင် ကုန်ကြမ်းအဆင့် မဟုတ်ဘဲ ကုန်ချောပစ္စည်းများကို ရည်ရွယ်သော်လည်း လက်တွေ့တွင် စ၊ လယ်၊ ဆုံး ထုတ်လုပ်နေကြ သည့်လုပ်ငန်းရှင်များတွင် ဘက်ပေါင်းစုံအခက် အခဲများ ရှိနေကြသည်။
မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စား၊ အလတ် စားအပါအဝင် စီးပွားရေးလုပ်ငန်းများ အားလုံး၏ ၂၃ ရာခိုင်နှုန်းအတွက် ဘဏ္ဍာငွေကြေးရရှိ ရေးမှာ အဓိကအခက်အခဲ ဖြစ်နေသည်ဟုလည်း ၂၀၁၄ ခုနစ်တွင် ကမ္ဘာ့ဘဏ်အုပ်စုက မြန်မာ့ စီးပွားရေးလုပ်ငန်းများ စစ်တမ်းကောက်ယူစဉ် က တွေ့ရှိခဲ့ရသည်။
“လုပ်ငန်းရှင်တွေ တန်ဖိုးမြှင့်ထုတ်ကုန်တွေ လုပ်ဆောင်ရာမှာ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ နည်းပညာဆိုတာလည်း လိုအပ်တယ်။ စက်ကိရိယာတွေ ဝယ်ယူရမှာရှိတယ်။ အရင်းအနှီးတွေဆိုတာလည်း ထပ်မံထည့်မှသာ လုပ်ငန်းတွေဟာ နိုင်ငံတကာနဲ့ ရင်ပေါင်တန်း လိုက်နိုင်မှာ ဖြစ်ပါတယ် “ ဟု ဒေါ်ချိုချိုက ပြောသည်။
ရင်ဆိုင်နေရသော စိန်ခေါ်မှုများ
ပြည်တွင်းစားသုံးသူများ၏ စိတ်တွင် နိုင်ငံ တကာကုန်ပစ္စည်းများ၊ အမှတ်တံဆိပ်များကို ပိုမိုအားထားရမည်ဟု ယုံကြည်နေခြင်း၊ ပြည်တွင်းဖြစ်ပစ္စည်းများကို တန်ဖိုးမြှင့်ပေးပြီး မသုံးစွဲလိုကြခြင်းဆိုသည့် ဈေးကွက်ယုံကြည်မှုနှင့် စားသုံးသူ အလေ့အထများက ပြည်တွင်းလုပ်ငန်းများအတွက် အခက်အခဲတစ်ခုလည်း ဖြစ်သည်။
ထို့ပြင် ပြည်တွင်းဈေးကွက်ရှိ နိုင်ငံတကာ ထုတ်ကုန်များနှင့် ယှဉ်ရာတွင် ထိုကုန်ပစ္စည်းများ နည်းတူ အရည်အသွေးကို အာမခံနိုင်ရန် ထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် လိုအပ်သည့် အဆင့်မြင့် နည်းပညာမရှိသေးခြင်း၊ တချို့လုပ်ငန်းငယ်များသည် ထိုနည်းပညာများကို လက်လှမ်းမမီခြင်း၊ နိုင်ငံတကာအဆင့်မီ ဖြစ်သော်လည်း လမ်းပန်း ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးစရိတ်စက များပြားခြင်း၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များခြင်းတို့မှာ လုပ်ငန်းရှင်တို့ ရင်ဆိုင်နေကြရသည့်အခက်အခဲများပင် ဖြစ်သည်။
ဆက်လက်၍ ဒေါ်ချိုချိုက “ တရားဝင်နည်းလမ်းနဲ့ ထုတ်လုပ်ပြီး တရားဝင် အခွန်ပေးသွင်း နေရတဲ့ လုပ်ငန်းတွေဖြစ်တဲ့အတွက် ပစ္စည်းတန်ဖိုးမြင့်တက်ရခြင်းနဲ့ ပြည်ပက တရားမဝင် ကုန်သွယ်မှုတွေကြောင့်လည်း ပြည်တွင်းသွင်း ကုန်အစားထိုး လုပ်ငန်းတွေအပါအဝင် အသေး စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (SME) တွေဟာ ထိခိုက် နစ်နာနေကြရပါတယ်” ဟု လုပ်ငန်းရှင်များ၏ အခက်အခဲကို ရှင်းပြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံမှုနည်းနေသည့်အတွက် ရင်းနှီး မြှုပ်နှံမှုများဝင်လာရန် အခွန်ဆိုင်ရာမက်လုံးများ၊ လွယ်ကူလျင်မြန်သည့် မြေယာအသုံးချမှုပုံစံများ ဖြစ်အောင် ဆောင်ရွက်ပေးရန်နှင့် ဖမ်းဆီးရမိ သည့် ငါး၊ ပုစွန်များကို ထိုင်းနိုင်ငံသို့ ကုန်ကြမ်းအဖြစ် ရောင်းချရာတွင် ကုန်ချောထုတ်လုပ်သည့် မူဝါဒကို အစိုးရက ဥပဒေသတ်မှတ်ရန် လိုအပ်ကြောင်း၊ မွေးမြူရေးကဏ္ဍတွင် အမှန်တကယ် အလုပ်လုပ်ကိုင်နေသူများကို အတိုးနှုန်း သက်သာစွာဖြင့် ငွေကြေးပံ့ပိုး လုပ်ကိုင်စေခြင်းသည်လည်း ပို့ကုန်တိုးတက်လာစေမည်ဖြစ် ကြောင်းလည်း ပညာရှင်များက ဆိုကြသည်။
ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် ထွက်ကုန်ပစ္စည်းများအပေါ် မူတည်ပြီး လိုအပ်သည့် စည်သွတ်စက်ရုံများကိုလည်း ဒေသအလိုက် အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးသင့်ကြောင်းကို “ရာသီအလိုက် ထွက်ရှိလာတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေဟာ ထွက်ရှိချိန်မှာ ဈေးကွက်မရှိလို့၊ သုံးစွဲသူနည်းပါးလို့ အလဟဿဖြစ်သွားမယ့် သီးနှံတွေ ပျက်စီးမှုကိုလည်း အကျိုးရှိစွာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။ မွေးမြူရေးထွက်ကုန်တွေကိုလည်း အကောင်လိုက် ရောင်းချလို့ ဈေးနှုန်းနည်းတာတွေကိုလည်း စည်သွတ်ဘူးတွေ လုပ်မယ်ဆိုရင် ဈေးနှုန်းပိုမို ရရှိစေမှာ ဖြစ်တဲ့အတွက် တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) စက်ရုံတွေ ပြည်တွင်းမှာ အများအပြား အကောင်အထည် ဖော်ပေးဖို့ လိုအပ်ပါ တယ်” ဟု ထောက်ပြကြသည်။
“နိုင်ငံတော်အနေနဲ့ အရင်းအနှီးတွေကိုလည်း သက်သာတဲ့ အတိုးနှုန်းနဲ့ ဖြည့်ဆည်းပေးဖို့ လိုပါ တယ်။ နည်းပညာတွေကိုလည်း ကူညီပံ့ပိုးပေးရမှာ ဖြစ်တယ်။ Value Added လုပ်မယ့် စက်ရုံ၊ အလုပ်ရုံတွေအတွက် လယ်ယာထွက်ကုန်ပစ္စည်းတွေ၊ မွေးမြူရေး ထွက်ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးတွေ လွယ်ကူကောင်းမွန်နေရမယ်၊ စက်ရုံတွေ ၂၄ နာရီ လုံး လည်ပတ်နိုင်ဖို့ လျှပ်စစ်စွမ်းအားတွေ ပြည့်စုံ နေရမယ်။ အဲဒီလို အခြေခံအဆောက်အအုံတွေ ပြည့်ဝနေဖို့ နိုင်ငံတော်အနေနဲ့ ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေအား ကောင်းလာမှ ကိုယ့်ရဲ့ ပြည်တွင်းမှာ အရည်အသွေးမြှင့်တဲ့ ကုန်ပစ္စည်းတွေကို နိုင်ငံတကာနဲ့ ရင်ပေါင် တန်းထုတ်လုပ်နိုင်လာမှာ ဖြစ်ပါတယ်” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက သုံးသပ် သည်။
ပြည်ထောင်စုအစိုးရအား တိုက်တွန်း
ထို့ကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချို တင်သွင်းသည့် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသော ကုန်ကြမ်းများကို ကမ္ဘာ့ဈေးကွက်ဝင် တန်ဖိုးမြှင့်ကုန်ပစ္စည်း များဖြစ်အောင် ပြည်တွင်း၌ပင် အရည်အသွေး ပြည့်မီအောင် ထုတ်လုပ်နိုင်ပြီး နိုင်ငံတကာသို့ ဈေးကွက်ချဲ့ထွင်နိုင်ရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စား လှယ် ၁၀ ဦးက ထောက်ခံဆွေးနွေးခဲ့ကြသည်။
အဆိုနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က နိုင်ငံစီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေးအတွက် လယ်ယာကဏ္ဍမူဝါဒများ ချမှတ်ဆောင်ရွက်ရာတွင် လုပ်ကွက်ငယ် တောင်သူလယ်သမားများ အပါအဝင် စိုက်ပျိုးထုတ်လုပ် မွေးမြူကြသူများ၏ ထုတ်လုပ်နိုင်မှုစွမ်းအားမြင့်ပြီး ဈေးကွက် လိုအပ်ချက်နှင့်အညီ တန်ဖိုးမြှင့် ထုတ်ကုန်များ အမယ်စုံ ထုတ်လုပ်ခြင်းအားဖြင့် ဝင်ငွေမြင့်မား လာစေရေးနှင့် ထုတ်ကုန်ပစ္စည်းများ နိုင်ငံတကာ နှင့်ယှဉ်ပြိုင်ပြီး ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန် ဖြည့်ဆည်းဆောင်ရွက်ရေးကို ရည်မှန်းဆောင် ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
“စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်၊ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်တို့ ကျင့်သုံးနိုင်မှုကို နည်းပညာပေးတဲ့ လုပ်ငန်းတွေ၊ သင်တန်းပို့ချခြင်းနဲ့ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းတွေကို အစဉ်တစိုက် ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ပတင်ပို့တဲ့ ငါး၊ ပုစွန် ရေထွက်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု စနစ်များဖြစ်တဲ့ GMP ၊ HACCP နဲ့ အညီ ထုတ်လုပ်မှု၊ စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းကြောင်း အာမခံချက်ပေးတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဒုတိယ ဝန်ကြီးက ပြောကြားသည်။
ထို့အပြင် ရာသီအလိုက် ထွက်ရှိလာသည့် ထွက်ကုန်များ ဈေးကွက်အခြေအနေကြောင့် စိုက်ပျိုးစရိတ်ထက် ထွက်ကုန်တန်ဖိုးက လျော့နည်းပြီး အရှုံးဖြစ်ပေါ်စေသည့် ဖြစ်စဉ်၊ ထွက်ကုန် ပျက်စီးဆုံးရှုံးရသည့် ဖြစ်စဉ်များကို ကုစားနိုင်ရန်အတွက် သီးနှံပုံစံချမှတ်မှုနှင့်အတူ ဈေးကွက် အလားအလာ တွက်ဆနိုင်မှုနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာဖွံ့ ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း လိုအပ်သည့် စက်ပစ္စည်း ကိရိယာ (Equipment ၊ Facilities) များ ဖြည့်ဆည်းပြီး နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ဒုတိယဝန်ကြီးက ဆက်လက် ပြောကြားသည်။
လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့လို
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချို က “ဒီအဆို အကောင်အထည် ဖော်မယ်ဆိုရင် အမြဲတမ်းနစ်နာမှုနဲ့ ကြုံဆုံနေရပြီး အရှုံးပေါ်အကြွေးသံသရာက ရုန်းမထွက်နိုင်ကြတဲ့ ကျွန်မတို့နိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူတွေထဲက အများစုဖြစ်ကြတဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ကိုင်နေကြသူများရဲ့ အကျိုးစီးပွား မြှင့်တင်ပေးနိုင်ဖို့အတွက် လက်တွေ့ အကောင်အထည်ဖော်ပေးဖို့ လိုပါတယ်” ပြောကြားသည်။
ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသော ကုန်ကြမ်းများကို ကမ္ဘာ့ဈေးကွက်ဝင် တန်ဖိုးမြှင့်ကုန်ပစ္စည်းများဖြစ်အောင် ပြည်တွင်း၌ပင် အရည်အသွေးပြည့်မီအောင် ထုတ်လုပ်နိုင်ပြီး နိုင်ငံတကာသို့ ဈေးကွက်ချဲ့ထွင်နိုင်ရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်။ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ပြီးပိုမို ကောင်းမွန်သည့် ဝင်ငွေရရှိရန် မျှော်လင့်နေ သည့် ဦးဇော်ဝမ်းကတော့ “ဒါနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးတယ် ကြားတယ်ဗျာ။ ဝမ်းသာပါတယ်။ ကျွန်တော်တို့လို တောင်သူ တွေအတွက်တော့ အသက်ရှူပေါက် ရတာပေါ့” ဟု ပြောသည်။ ။