ပိုမိုကောင်းမွန်တဲ့ဘဝကို မျှော်လင့်ရင်း ပေးဆပ်ခဲ့ကြသူများ

ထွန်းသစ်စ

လွန်ခဲ့တဲ့ ရက်အနည်းငယ်က အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း အက်ဆက်စ်စီရင်စုမှာ လူ ၃၉ ဦးရဲ့ ရုပ်အလောင်းတွေကို ကုန်တင်ကားတစ်စီးထဲမှာ တွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းတစ်ခု ကြားခဲ့ရပါတယ်။ အဲဒီကုန်တင်ကားဟာ လူမှောင်ခိုကူးတဲ့ လမ်းကြောင်း တစ်ခုအဖြစ် ကျော်ကြားတဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဇီးဘရက်ဂ်ဂီဆိပ်ကမ်းကနေပြီး အင်္ဂလန်နိုင်ငံကို ဝင်ရောက်လာခဲ့ တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖတ်မှတ်လေ့လာပြီး သိပ်မကြာမီမှာပဲ အဲဒါနဲ့ပတ်သက်တဲ့ စိတ်မကောင်းစရာကောင်းတဲ့ သတင်းတစ်ပုဒ်ကို ထပ်မံကြားသိခဲ့ရပြန်ပါတယ်။ အဲဒါကတော့ လူမှောင်ခိုကူးတဲ့ လမ်းကြောင်းက တစ်ဆင့် အင်္ဂလန်ကို ရောက်လာတဲ့ ကုန်တင်ကားမှာပါလာတဲ့ သေဆုံးသူတွေထဲမှာ နိုင်ငံခြားမှာ ပိုမိုကောင်းမွန်တဲ့ ဘဝကို မျှော်လင့်တောင့်တခဲ့တဲ့ ဗီယက်နမ်မိသားစုတွေရဲ့ ရှိစုမဲ့စုလေးတွေကို ပေါင်နှံရောင်းချ၊ ချေးငှားပို့ဆောင်လိုက်တဲ့ နေရပ်စွန့်ခွာ စွန့်စားသူတွေလည်း ပါဝင်ခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်။

အကြွေးတွေက တောင်ပုံယာပုံ

ဗီယက်နမ်မိသားစုတွေဟာ သူတို့ကလေးတွေကို အလုပ်အကိုင်လေးတွေနဲ့ ပိုမိုကောင်းမွန်တဲ့ဘဝတွေကို ရရှိစေဖို့ တရား မဝင်လမ်းကြောင်းကနေ ဥရောပကို ပို့ဆောင်နိုင်ဖို့ရာ အမေရိကန်ဒေါ်လာ ထောင်ပေါင်းများစွာကို ချေးငှားခဲ့ရပါတယ်။ အခု တော့ သေဆုံးပြီလို့ယူဆရတဲ့ ပျောက်ဆုံးနေရပ်စွန့်ခွာ စွန့်စားသူတွေထဲမှာ သူတို့ရဲ့ကလေးတွေ ပါသွားကြတဲ့အတွက် ကျန်ရှိ နေတဲ့ အကြွေးတွေကို ဘယ်လိုဆပ်မလဲဆိုတာ သောကပရိဒေဝ မီးတွေတောက်လောင်ပြီး လူလုံးမလှ အပူလုံးကြွကျန်ရစ်နေ ခဲ့ပါပြီ။

သူတို့ရဲ့ ကလေးတွေအပေါ် မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ၊ ကိုးစားမှုတွေပုံအောခဲ့တဲ့ ဗီယက်နမ်မိဘတွေအတွက် အခုအခါမှာတော့ ဘယ်လိုမှ ဖြေဆည်နိုင်မယ်မထင်ပါဘူး။ စိတ်မကောင်းစွာပါပဲ။ အင်္ဂလန်မှာ အလုပ်အကိုင်လေးတွေရရင် မိဘရပ်ထံ လုပ်အားခလေးတွေပြန်ပို့ပေးမယ်လို့ စီစဉ်ခဲ့တဲ့ နေရပ်စွန့်ခွာ စွန့်စားသူတွေအတွက်လည်း မျှော်လင့်ချက်တွေ အဟောသိကံဖြစ်ခဲ့ရပါပြီ။ ထို့အတူ မိဘတွေရဲ့ ကလေးတွေ အပေါ်ထားတဲ့ မျှော်လင့်ချက်လည်း တိမ်ဖုံးလို့ လမသာဖြစ်ခဲ့ လေပြီ။ ဝမ်းနည်းဖွယ်ကောင်းလေစွ။

ဗီယက်နမ်နိုင်ငံအလယ်ပိုင်းက မိသားစုတွေကတော့ သူတို့ရဲ့ကလေးတွေဟာ ရေခဲသေတ္တာလိုမျိုး အေးခဲထားတဲ့ ကွန်တိန်နာ ထဲမှာ အထည့်ခံရပြီး အင်္ဂလန်အရောက် ပို့ဆောင်လိုက်လေသလားလို့တောင် ထင်ရတယ်လို့ ပြောပါတယ်။ သူတို့ ဆိုလည်း ဆွေမျိုးတွေ၊ ချေးငွေလုပ်ငန်းတွေပါမကျန် ဟိုချေး ဒီချေးနဲ့ ပြန်ဆပ်ရမယ့်အကြွေးတွေ တောင်ပုံယာပုံနဲ့ပါ။

ပြန်လည်ထောက်ပံ့နိုင်ခဲ့

ချေးငှားထားတဲ့ ပိုက်ဆံလေးတွေကို ဥရောပအထိသွားမယ့် လေယာဉ်ခတွေ၊ နိုင်ငံကူးလက်မှတ်အတုခတွေ၊ ကားခတွေ အတွက် မှောင်ခိုကူးသူတွေကို ဝကွက်အပ်လိုက်ကြရပါတယ်။ နေရပ်စွန့်ခွာ စွန့်စားသူတွေဟာ မြို့ကြီးပြကြီးတွေနဲ့ ဝေးလံ ခေါင်သီတဲ့ ရွာသိမ်ရွာငယ်လေးတွေမှာ ရှင်သန်ခဲ့တဲ့ သူတို့ရဲ့ဘဝက လွတ်မြောက်ပြီး နိုင်ငံခြားမှာ ဒီထက်ပိုမိုကောင်းမွန်တဲ့ ဘဝမျိုးနဲ့ နေထိုင်သွားဖို့ဆိုတာ သူတို့ရဲ့အဓိက အိပ်မက်တစ်ခု ဖြစ်ခဲ့ပါတယ်။

အခုတော့ အဲဒီအိပ်မက်ကို မမက်နိုင်တော့ပါဘူး။ မျှော်လင့်ချက်တို့ အဝေးကို လွင့်ပျောက်ခဲ့လေပြီ။ လူမသေငွေမရှားဆိုတဲ့ အတိုင်း လူမသေရင် ငွေပြန်ရှာလို့ရပေမယ့် အခုတော့ လူလည်း ခန္ဓာပျက်သုဉ်းခဲ့လေပြီ။ ခဲလေသမျှတို့ သဲရေကျဖြစ်ခဲ့ရလေပြီ။ ကံမကောင်းအကြောင်း မလှချင်တော့ ကျန်ရစ်သူမှာလည်း အကြွေးတွေ တောင်ပုံယာပုံပါ။ တချို့ ဥရောပမှာ ရောက်နှင့် ပြီးသား နေရပ်စွန့်ခွာ စွန့်စားသူတွေကတော့ ဗီယက်နမ်ရဲ့ ဆင်းရဲတဲ့ဒေသတွေမှာ နေထိုင်နေကြတဲ့ သူတို့ရဲ့ မိသားစုတွေဆီကို လစဉ် ဒေါ်လာရာဂဏန်းအထိ အတော်များများ ပြန်လည်ထောက်ပံ့နိုင်ကြပါတယ်။ အဲဒီဒေသမှာနေတဲ့ လူအများစုဟာ လယ်သမားတွေ၊ တံငါသည်တွေ သို့မဟုတ် စက်ရုံလုပ်သား တွေဖြစ်ကြပါတယ်။

ကြေကွဲစရာဖြစ်ရပ်ဆိုး

အဲဒီလိုတွေကိုအားကျပြီး တခြားကျန်တဲ့မိသားစုဝင်တွေက လိုက်လုပ်တဲ့အခါမှာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ ဖြစ်ရပ်တွေ လည်း ဒုနဲ့ဒေးပါပဲ။ အခုကိစ္စဟာလည်း အဲဒီလို ဖြစ်ရပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ အမေရိကန် ဒေါ်လာ ၈၆၀ဝ အကြွေးဆပ်ဖို့ ရှိနေသေးတယ်လို့ သူ့သား ငုယင်ဒင်လောင် ကုန်တင်ကားထဲမှာ သေပြီလို့ ယူဆထားတဲ့ ငုယင်ဒင်ဂွာက ပြောပါတယ်။ ငုယင်ဒင်လောင် နိုင်ငံခြားထွက်ဖို့ သူ့မိသားစုဟာ ဆွေမျိုးတွေဆီက ငွေတွေ ချေးငှားခဲ့ရပါတယ်။ သူ့ရဲ့သားဟာ ရုရှားမှတစ်ဆင့် ၂၀၁၈ ခုနှစ်တုန်းက စားပွဲထိုး လုပ်ခဲ့ဖူးတဲ့ ပြင်သစ်ကို ရောက်အောင်သွားဖို့ စီစဉ်ခဲ့တာ ဖြစ်ပေ မယ့် အခုတော့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်ခွင့် မရတော့ပါဘူး။ အရင်စားပွဲထိုးလုပ်တုန်းကတော့ သူဟာ အိမ်ကို တစ်လကို အမေရိကန်ဒေါ်လာ ၂၅၀ နဲ့ ၄၃၀ ကြား ပြန်ပို့နိုင်ခဲ့ပါတယ်။ သူမသွားခင်တုန်းက သူ့ရဲ့မိသားစုကိုလည်း အလုပ်ကောင်းကောင်း ရှာတွေ့ရင် ပိုက်ဆံများများပိုပြီး ပို့ပေးမယ်လို့ ဆိုခဲ့ပါတယ်။ ကျန်ရစ်သူမိသားစုတွေအနေနဲ့ အခုတော့ ကြေကွဲဝမ်းနည်းစရာ ဖြစ်ရပ်ဆိုးနဲ့ ဖြေဆည်နိုင်မယ်မထင်ပါဘူး။

ချေးငွေတွေချေးယူကြ

ငုယင်ဒင်လောင်က သူ့အနေနဲ့ ဗြိတိန်မှာ ပိုက်ဆံပိုရှာနိုင်မယ်လို့ မျှော်လင့်ကြောင်းပြောပြီး သူ့မိသားစုကိုလည်း သူဟိုကို ရောက်သွားတဲ့အခါမှာ လူမှောင်ခိုသမားတွေကို အမေရိကန် ဒေါ်လာ ၁၄၀ဝ၀ ပေးဖို့ မှာထားခဲ့ပါတယ်။ သို့သော်လည်း ဘယ်သူမှ အဲဒီပိုက်ဆံကိုတောင်းဖို့ ဖုန်းလည်းမခေါ်ခဲ့သလို သူ့သားအနေနဲ့လည်း အဲဒီကိစ္စကို မလုပ်နိုင်ခဲ့ဘူးလို့ ထင်ကြောင်း ငုယင်ဒင်ဂွာက ပြောပါတယ်။ ငုယင်ဒင်ဂွာက သူ့အနေနဲ့သူများ ထက်တော့ ကံနည်းနည်းကောင်းသေးကြောင်း၊ ချေးငှားလိုက် ရတဲ့ ပိုက်ဆံတွေဟာ အတိုးမဲ့နဲ့ဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမယ့်လည်း ပိုက်ဆံတွေပြန်ပေးနိုင်ဖို့ စိတ်ပူနေရကြောင်း ပြောပါတယ်။ သူ့ရဲ့ တခြားကလေးခုနစ်ယောက်ဟာလည်း ဗီယက်နမ်မှာပဲ နေထိုင်လုပ်ကိုင်စားသောက်လျက်ရှိပါတယ်။

ဗီယက်နမ်နိုင်ငံအလယ်ပိုင်းဟာ ဆင်းရဲမွဲတေမှုမှ ကာလအတော်ကြာသည်အထိ ရုန်းမထွက်နိုင်ဘဲ ရှိနေပါတယ်။ အဲဒီ ဒေသဟာ သဘာဝဘေး အန္တရာယ်တွေရဲ့ ဖိစီးနှိပ်စက်မှုကို ခံနေရပြီး တိုးတက်မှုတွေ မရှိသလောက်ဖြစ်ခဲ့ပါတယ်။ မခန့်မှန်းနိုင်တဲ့ ရာသီဥတု ပြောင်းလဲမှု အခြေအနေကလည်း အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ဘဝကို ပိုမိုခက်ခဲမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းက ဒေသလေးဖြစ်တဲ့ ဟာတင်မှာ နေထိုင်တဲ့အလုပ် လုပ်နိုင်သူ လူတစ်ယောက်ရဲ့ တစ်နှစ် ဝင်ငွေဟာ အမေရိကန် ဒေါ်လာ ၂၂၀ဝ ဖြစ်ပါတယ်။ ထို့အတူ နောက်ထပ် ဗီယက်နမ် နိုင်ငံအလယ်ပိုင်း ဒေသတစ်ခုဖြစ်တဲ့ ငါအန်မှာ နေထိုင်တဲ့ လူတစ်ယောက်ရဲ့ တစ်နှစ်ဝင်ငွေဟာလည်း အမေရိကန်ဒေါ်လာ ၁၂၀ဝ လောက်သာ ဖြစ်ပါတယ်။

ဆင်းရဲမွဲတေမှုက မိသားစုဝင်တွေကို ချေးငွေလုပ်ငန်းတွေဆီ ရောက်ရှိစေပါတယ်။ ဆိုလိုတာကတော့ ဆင်းရဲတဲ့အတွက် ချေးငွေ လုပ်ငန်းကနေပြီး ချေးငွေတွေ ချေးရတဲ့ဘဝကို ရောက်ရှိစေခဲ့တာပါပဲ။ အဲဒီလုပ်ငန်းတွေဟာ ဗီယက်နမ် ကျေးလက်တွေမှာ မှိုလိုပေါက်သလို ပေါများပြီး အတိုးနှုန်းလည်း သက်သာကြပါတယ်။ တချို့လူတွေဆို ဆိုင်လေးတွေ ဖွင့်ဖို့၊ တချို့က အိမ်တွေ ဆောက်ဖို့ ချေးငွေတွေ ချေးကြတာလည်း ရှိပါတယ်။ တခြားသူတွေလိုပဲ ဟောင်လန်တို့လည်း ဒီလိုပဲ ချေးကြရပါတယ်။ သူတို့ကတော့ အိမ်ဆောက်ဖို့ မဟုတ်ပါဘူး။ သူတို့ရဲ့ ကလေးတွေကို နိုင်ငံခြားမှာ အလုပ်အကိုင်လေးရရှိစေဖို့ဖြစ်ပါတယ်။ သူက လူမှောင်ခိုပွဲစားတွေကို သူ့သားလေး ဟောင်ဗန်တိတ်ကို အရင်တစ်နှစ်က ဥရောပကို ပို့ပေးဖို့ အခကြေးငွေ ပေးအပ်ခဲ့ပါတယ်။ အခုတော့ သူလည်း သူ့သား လေးများ သေဆုံးသူထဲက တစ်ယောက်ဖြစ်လိမ့်မလားလို့ စိုးရိမ်မှုက ကြီးစိုးလို့နေပါတယ်။

ပေးဆပ်မှုက မသေးလှ

ဟောင်ဗန်တိတ်ဟာ ပန်းကန်ဆေးတဲ့အလုပ်ကနေ သူ့မိသားစုဆီကို အရင်က ပုံမှန်ပိုက်ဆံပြန်ပို့နိုင်ခဲ့တာတောင် မှပဲ သူတို့ဟာ အခုချိန်အထိ အကြွေး အမေရိကန်ဒေါ်လာ ၄၃၀ဝ ထပ်မံပေးဖို့ ရှိနေပါသေးတယ်။ ကျန်တဲ့အကြွေးတွေကို ဘယ်လို ဆပ်ရမလဲမသိဘူးလို့ စိတ်မကောင်းစွာနဲ့ သူ့အဖေကတော့ ညည်းညူလျက်ရှိပါတယ်။ ကျွန်တော့်မှာလည်း ဘာအကြံမှ မရှိတော့ဘူးလို့ ဒန်ချွာ ဒေသမှာရှိတဲ့ တံငါသည်အဖေက ဆိုပါတယ်။ တကယ်တော့ ဒီဒုက္ခတွေဟာ စိတ်မကောင်းစရာတွေပါ ပဲ။ ဘယ်သူမှ မဖြစ်ချင်ပါဘူး။ နိုင်ငံခြားကိုသွား။ အလုပ်ရှာ။ ပိုက်ဆံရအောင်စု။ မိသားစုကို ပြန်ထောက်ပံ့။ ဒါဟာ သမားရိုးကျ လမ်းစဉ်တစ်ခုပါပဲ။ သို့သော်လည်း ဘယ်ဟာမှ ထင်သလို ဖြစ်မလာပါဘူး။ တစ်ခါတစ်ရံမှာ အားလုံးဟာ လွဲချော်တတ်ပါ တယ်။ ကျန်ရှိနေတဲ့မိသားစုတွေမှာတော့ အပူမီးက မသေးလှ။ ကြွေးတွေကလည်းကျန်။ ဆပ်စရာကလည်းမရှိ။ ဒီ ၃၉ ဦးဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ဗီယက်နမ်အရာရှိတွေနဲ့ ဗြိတိန်အရာရှိတွေက အတည်မပြုရသေးပါဘူး။ သို့သော်လည်း ကျန်ရှိတဲ့ မိသားစုတွေရဲ့ စိုးရိမ်ပူပန်မှုကတော့ အတိုင်းထက် အလွန်ပါပဲလို့ ပြောကြားရင်း ပိုမိုကောင်းမွန်တဲ့ဘဝကို ရှာဖွေတဲ့ အခါမှာ တစ်ခါတစ်ရံ ပေးဆပ်မှုကလည်း မသေးလှဘူးလို့ တင်ပြလိုက်ရပါတယ်။      ။

ကိုးကား-အေအက်ဖ်ပီ