ဇူးရစ်ချ် ၂၁ မေ
ဥရောပသမဂ္ဂ၏ စည်းမျဉ်းစည်းကမ်းများနှင့် လိုက်လျောညီထွေ ရှိစေရန်အတွက် ပိုမိုတင်းကျပ်သည့် သေနတ်ထိန်းချုပ်ရေး ဥပဒေပြဋ္ဌာန်းရန် ဆွစ်ဇာလန်ပြည်သူများက ထောက်ခံမဲပေးကာ အတည်ပြု ခဲ့ကြကြောင်း သိရသည်။
ပိုမိုစည်းကမ်းတင်းကျပ်သည့် သေနတ်ထိန်းချုပ်ရေး ဥပဒေပြဋ္ဌာန်းရန် ရှိ မရှိ အဆုံးအဖြတ်ပေးမည့် ရွေးကောက် ပွဲတစ်ရပ်ကို မေ ၁၉ ရက်က ကျင်းပခဲ့ရာ ဆန္ဒမဲထည့်ဝင်သူများ၏ ၆၃ ဒသမ ၇ ရာခိုင်နှုန်းက ဥပဒေပြင်ဆင်ပြောင်းလဲမှုကို ထောက်ခံအားပေးခဲ့ကြကြောင်း သတင်းမီဒီယာများက ဖော်ပြသည်။
ပါရီ၌ ၂၀၁၅ ခုနှစ်က အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားကာ ပြည်သူ ၁၃၀ အသက်ဆုံးရှုံးခဲ့ရပြီးနောက်တွင် ဥရောပ သမဂ္ဂက သေနတ်ကိုင်ဆောင်သည့် ဥပဒေကို ပိုမိုစည်းကမ်းတင်းကျပ်လိုက်သည်။
ယင်းဥပဒေအရ အော်တိုမက်တစ် ရိုင်ဖယ်များနှင့် အပိုပစ္စည်းများ ဝယ်ယူရာတွင် ဝယ်သူကို ခြေရာခံရ လွယ်ကူစေ ရန်အတွက် ၎င်းတို့ဝယ်ယူသည့် သေနတ်များပေါ်တွင် မည်သူမည်ဝါဖြစ်ကြောင်း ကိုယ်စားပြုနိုင်မည့်နံပါတ်များ ထည့်သွင်းရန် စည်းမျဉ်းကန့်သတ်လိုက်ပြီး ဥရောပသမဂ္ဂသည်အဖွဲ့၏ စည်းမျဉ်းစည်းကမ်းကို လိုက်နာသည့်အနေဖြင့် ဆွစ်ဇာလန်နိုင်ငံ၏ သေနတ်ထိန်းချုပ်ရေး ဥပဒေကို ပိုမိုတင်းကျပ်ရန် တိုက်တွန်းခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံသည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း ၁၉၈၅ ခုနှစ် Schengen သဘောတူစာချုပ်ကို အခြေခံကာ ထူထောင်ခဲ့သည့် ဥရောပသမဂ္ဂ၏ လွတ်လပ်စွာ ကူးသန်းသွားလာခွင့်ရှိသောဒေသတွင် ပါဝင်နေသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်။ စာချုပ်ပါ သဘောတူညီမှုအရ အဆိုပါဧရိယာအတွင်း ပြည်သူများလွတ်လပ်စွာ သွားလာရန်နှင့် ကုန်စည်များ လွတ်လပ်စွာ စီးဆင်းခွင့်ပြုထားကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ