နေပြည်တော် ဖေဖော်ဝါရီ ၈

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် အမြဲတမ်းအတွင်းဝန်နှင့်အတူ ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ် ဆင်သေဆည် လက်ဝဲမြောင်း လက်တံ(၅)နှင့် လက်တံ(၂) ရေသောက်ဧရိယာရှိ ရေအသုံးချသူများအဖွဲ့(WUG) တောင်သူများနှင့်တွေ့ဆုံ၍ နွေစပါး နွေသီးနှံစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်ချက်များ ကူညီပံ့ပိုးပေးနိုင်ရေး၊ မြောင်းအလိုက် ရေပေးရက်များနှင့် ပတ်သက်၍ တောင်သူများ၏ သဘောထားများ၊သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရန် လုပ်ငန်းများ၊ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ သိရှိလိုသည်များနှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာန Call Center သို့ ဆက်သွယ်မေးမြန်းနိုင်မှုတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ် အင်ဘက်ကုန်းကျေးရွာတွင် စက်မှုလယ်ယာဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် စနစ်ကျလယ်ယာမြေ (၁၂၃)ဧက ဖော်ထုတ်ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းတွင် ပါဝင်သည့် တောင်သူများနှင့်တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ယခုဖော်ထုတ်သည့် စနစ်ကျလယ်ယာမြေ စီမံကိန်းတွင် ပါဝင်သည့် တောင်သူ(၇၀) အနေဖြင့် အချင်းချင်း ပိုင်ဆိုင်မှုအငြင်းပွားခြင်းမရှိဘဲ လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ကြွေးကျန်ကင်းရှင်းပါက လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇) အသစ်လဲလှယ်ထုတ်ပေးခြင်းကို ကျေးရွာအရောက် တစ်နေရာတည်းတွင် အပြီးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့သို့ဆောင်ရွက်နိုင်ကြမည်ဆိုပါက တစ်နိုင်ငံလုံးတွင် စံပြဆောင်ရွက်ပေးနိုင်မှုဖြစ်သည့်အတွက် စီမံကိန်းတွင် ပါဝင်သည့် တောင်သူများ၏ စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသနိုင်ရေး ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားသည်။

 

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက နွေစပါးပန်းတိုင်အထွက်ရရှိရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ သဘာဝမြေဩဇာ ၊ ဓါတ်မြေဩဇာနှင့် သွင်းအားစုများ စနစ်ကျမှန်ကန်စွာ သုံးစွဲရန်လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ရှားတောကျေးရွာ တောင်သူများ၏ လယ်မြေတွင် စက်မှုလယ်ယာဦးစီးဌာနက တိုက်ရိုက်မျိုးစေ့ချစက်ဖြင့် နွေစပါး(၁၅)ဧကကို မျိုးစေ့ချ စံနမူနာပြဆောင်ရွက်ပေးနေမှုနှင့် လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါး (၅)ဧက စံနမူနာပြ စိုက်ပျိုးပြသနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်