ပိုင်ကျုံမြို့ သမိုကျေးရွာ၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး 

ပိုင်ကျုံ  မေလ  ၅

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှု လျှော့နည်းစေရန်ရည်ရွယ်၍  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ မေ ၄ ရက်က သမိုကျေးရွာ၌ ဒုတိယအကြိမ်  ကာကွယ်ဆေးထိုးနှံရမည့် ပြည်သူ (၁၂၁)ဦးအား  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှ စတင်ထိုးနှံပေးလျက်ရှိပြီး မြို့နယ် အတွင်းရှိ ဒေသနေပြည်သူများ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နှင့် အလှမ်းဝေးသော ကျေးရွာအုပ်စုများ၊ သွားလာရန်ခက်ခဲသော ကျေးရွာများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသေးသည့် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက်‌ ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ကာကွယ်ဆေးလာရောက်ထိုးနှံသူများ အဆင်‌ပြေ လွယ်ကူစေရန်အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)