ပိုင်ကျုံ စက်တင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ပိုင်ကျုံမြို့ ကိုဗစ်-၁၉ ရောဂါဆိုးကြီးသည် လျှင်မြန်စွာ ကူးစက်ပျံ့ပွားလျက်ရှိ
ပြီး နေ့စဉ်ရောဂါကူးစက်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ရောဂါကူးစက်ပျံ့ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်သူ့သို့ အသိပေးပန်ကြားချက်များအား ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အသိပညာပေးနှိုးဆော်ချက်များ ကြေညာရာတွင် “ မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ပါ။ သို့မှာသာ ရောဂါကွင်းဆက် ပြတ်တောက်ပြီးကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ပါသည်။ ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြပါရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ပါ၊ အခြားသူများနှင့် ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့်နှာခေါင်းစည်း မတပ်ထားသူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်းမပြုလုပ်ကြပါရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများ သွားလာခြင်းမှ ရှောင်ပါ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုးနှင့်နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယ ရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ အလှည့်ရရှိသော ကာကွယ်ဆေးများကို မိမိတို့အတွက်အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပါ၊ ကာကွယ်ဆေးထိုးပြီးသော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာပါ၊ ရောဂါကာကွယ်ရေး နည်းလမ်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် စသည့် အချက်များပါဝင်ပါသည်။
ထိုသို့လုပ်ငန်းများ ဆောင်ရွက်ခြင်းကိုပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့များနှင့် သက်ဆိုင်ရာ ရပ်ကွက်တာဝန်ရှိသူတို့က ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှိုးဆော်ချက်များကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)


