ပိုင်ကျုံ ဇန်နဝါရီ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့အတွင်းရှိ ပိုင်ကျုံတိုက်နယ်ဆေးရုံတွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှ စတင်ခဲ့ရာ ယနေ့တွင် သတ္တမအသုတ်အထိ အကြိမ်ပြည့်ထိုးနှံပြီးစီးခဲ့ပြီး ဖြစ်သည်။ ကာကွယ်ဆေးထိုးနှံရာတွင် သံဃာတော်များ၊ အသက် ၁၈ နှစ် အထက် ဒေသနေပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များကို ဦးစားပေး အစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး ပထမအသုတ် ၇၂၉ ဦး၊ ဒုတိယအသုတ် ၃၇၀၅ ဦး၊ တတိယအသုတ် ၂၆၈၀ ဦး၊ စတုတ္ထအသုတ်တွင် ၂၀၀၅ ဦး၊ ပဉ္စမအသုတ်တွင် ၁၃၂၅ ဦး၊ ဆဌမအသုတ်တွင် ၅၈၁ ဦးနှင့် သတ္တမအသုတ်တွင် ၅၇၀ ဦးဖြစ်ပြီး စုစုပေါင်း ၁၁၅၉၅ ဦး ထိုးနှံပေး နိုင်ခဲ့ပြီး သတ္တမအသုတ်ထိ အကြိမ်ပြည့်ထိုးနှံ ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် ဒေသခံပြည်သူများ၊ ရပ်ဝေးရွာဝေးမှပြည်သူများ၊ သွားလာရန် ခက်ခဲသော ကျေးရွာများမှ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကွင်းဆင်း၍ ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စောဂျိုးဇက်ဂျူး (ပိုင်ကျုံ)


