ဧပြီ ၁၀

 

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၌ ဖြစ်ပွားနေသည့် ကိုဗစ် - ၁၉ ရောဂါကြောင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ပြည်တွင်းပြိုင်ပွဲအားလုံး ရပ်နားထားပြီး ပြိုင်ပွဲများ ပြန်လည်စတင်ပါက ကလပ်အသင်းများ ပြင်ဆင်ချိန်ရရန် ဆောင်ရွက်ပေးထားသည်။

 

မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ပြည်တွင်းပြိုင်ပွဲများကို ရောဂါအခြေအနေအပေါ် မူတည်၍ ပြန်လည်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲများ စတင်ပါကလည်း ကလပ်အသင်းများ ပြင်ဆင်ချိန်ရရန် ချက်ချင်းစတင်မည် မဟုတ်ဘဲ အနည်းဆုံး သုံးပတ်မှ လေးပတ်အထိ ကြိုတင်အ ကြောင်းကြားမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ရာသီဝက် အပြောင်းအရွှေ့ကာလကိုလည်း ဇွန် ၁ ရက်မှ ၃၀ ရက်အထိ ပြောင်းလဲထားပြီး ရောဂါအခြေအနေ ကောင်းမွန်ပြီး ပွဲလမ်းသဘင်နှင့် အားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့် ရပါက ရာသီဝက် အပြောင်းအရွှေ့ကာလမှာ အကျုံးဝင်မည်ဖြစ်သည်။ 
 

မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ယခုရာသီတွင် လိဂ်ပြိုင်ပွဲလေးခုနှင့် ရှုံးထွက်ပြိုင်ပွဲတစ်ခု ကျင်းပနေပြီး ရှုံးထွက်ပြိုင်ပွဲမှလွဲ၍ ကျန်ပြိုင်ပွဲအားလုံးမှာ ကျင်းပနေသည့်ကာလတွင် ရပ်နားခဲ့ရခြင်းဖြစ်သည်။ လိဂ်ပြိုင်ပွဲ အားလုံးမှာ အသင်းများအကြား အမှတ်ကွာဟမှု ကြီးကြီးမားမား မရှိသောကြောင့် ချန်ပီယံဆုအတွက် ဇယားထိပ်ပိုင်းတွင် အသင်းများ အပြိုင်အဆိုင်ဖြစ်နေသလို တန်းဆင်းရှိသည့် MNL အမှတ်ပေးပြိုင်ပွဲမှာလည်း ချန်ပီယံဆုအတွက်သာမက တန်းဆင်းနေရာအတွက်ပါ ပြိုင်ဆိုင်မှု ပြင်းထန်လျက်ရှိသည်။


လက်ရှိအနေအထားအရ ပြည်တွင်းပြိုင်ပွဲများကို နှစ်လယ်ပိုင်း ဝန်းကျင်မှသာ အစောဆုံး စတင်နိုင်ဖွယ်ရှိနေပြီး ပြန်လည်စတင်မည့် အချိန်နောက်ကျပါက နှစ်ကုန်ပိုင်းတွင် ပြည်တွင်း၊ ပြည်ပပြိုင်ပွဲ ကျင်းပမှုများ တိုက်ဆိုင်ဖွယ်ရှိနေသည်။ ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ဟံသာဝတီအသင်းက ထိပ်ဆုံးမှ ဦးဆောင်နေပြီး MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲတွင် ပထမအကျော့အပြီး၌ Junior Lions အသင်းက ဦးဆောင်နေသည်။ ပြည်တွင်းပြိုင်ပွဲများကို မတ် ၂၄ ရက်မှစ၍ ရက်အကန့်အသတ်မရှိ ရပ်နားထားခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်