ကိုလင်း
‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးကို ထုတ်လုပ်ခဲ့သည့် Brave Empire Entertainment ရုပ်ရှင် ထုတ်လုပ်ရေးအနေဖြင့် ထပ်မံ၍လည်း ရုပ်ရှင်ဇာတ်ကားများစွာကို အရည်အသွေးဦးစားပေးပြီး အမြတ်အစွန်းကိုမကြည့်ဘဲ ထုတ်လုပ်နိုင်ရန် စီစဉ်လျက်ရှိသလို လတ်တလောတွင် ပြည်တွင်း မြန်မာအမျိုးသမီး ပရိသတ်များသာမက အိမ်နီးချင်း ထိုင်းအမျိုးသမီး ပရိသတ်များ၏ စိတ်ဝင်စားမှုကိုပါ ရရှိနေသော လူငယ် မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်နှင့် ရုပ်ရှင်ဇာတ်ကား များရိုက်ကူးရန် သြဂုတ် ၇ ရက်က စာချုပ်ချုပ်ဆိုလိုက်ကြောင်း သိရသည်။
Brave Empire ၏ CEO ကိုစိုးလှိုင်က “ကျွန်တော်တို့ Brave Empire အနေနဲ့ နာမည်ကြီးလို့ စီးပွားရေးအရ လိုက်ပြီး ခေါ်ရိုက်တာမျိုး မဟုတ်ပါဘူး၊ ညီလေး ပိုင်တံခွန်နဲ့က ဟိုးအရင် မော်ဒယ်လုပ်ကတည်းက ခင်မင်ရင်းနှီးနေတာ ကြာပါပြီ၊ ကျွန်တော်တို့ ထုတ်လုပ်ရေးစလုပ်ပြီး ဇာတ်ကားတွေ ရိုက်နေကတည်း က သူနဲ့လိုက်ဖက်တဲ့ဇာတ်ကို သေချာရှာပြီး ရိုက်ကူးဖို့လည်း ပြင်ဆင်ပြီးသားပါ၊ နောက်ပြီး သူကကျွန်တော့်ကို “အစ်ကိုရေ-ကျွန်တော့်ကို ထိုင်းက အမျိုးသမီး ပရိသတ်တွေပါ အားပေးလာတာတွေ့ရလို့ ကျွန်တော် ပျော်တယ်” ဆိုပြီး ပြောလာတယ်၊ သူက ကိုယ့်ညီလိုဖြစ်နေတော့ သူ့ကို ဒီအတိုင်း ဟိုဟာရိုက်လိုက်၊ ဒါလေးပြေး ရိုက်လိုက်နဲ့ ပေါ်ပင်ပုံစံမျိုး မဖြစ်စေချင်ဘူး၊ အနုပညာ လမ်းကြောင်းပေါ်မှာ တည်တည်တံ့တံ့လေး လျှောက်စေချင်တာမို့ ဒဆို ငါတို့ထိုင်းပရိသတ်တွေရော၊ မြန်မာပရိသတ်တွေအတွက်ရော ညီလေးပိုင်တံခွန်ရဲ့ အနုပညာ စွမ်းအားကို ပူးပေါင်းပြီး ပြကြမယ်ဆိုပြီး အခုလို စာချုပ်ချုပ်လိုက်တာပါ” ဟု ပြောသည်။
စာချုပ်စည်းကမ်းများနှင့် ပတ်သက်၍လည်း ကိုစိုးလှိုင်က “စာချုပ်ချုပ်တဲ့နေရာမှာလည်း သူ့ကို လွတ်လပ်စွာနဲ့ ကျွန်တော်တို့ အနုပညာအလုပ်တွေ လုပ်ပိုင်ခွင့် ပေးထားပြီးသားပါ၊ ကျွန်တော်တို့အပြင် ကြိုက်တဲ့ထုတ်လုပ်ရေးတွေနဲ့ သူလက်တွဲပြီး ဇာတ်ကားတွေ ရိုက်ခွင့်ရှိပါတယ်၊ သူနဲ့ရိုက်မယ်ဆို ကျွန်တော်တို့အနေနဲ့ ဇာတ်လမ်းတွေ ရွေးချယ်တာမျိုး၊ သူ့ရဲ့ အနုပညာကြေးကို သတ်မှတ်ပေးတာမျိုးတော့ ကျွန်တော်တို့က သူနဲ့အတူ ဆုံးဖြတ်တာတွေတော့ ရှိပါတယ်၊ ပိုင်တံခွန်နဲ့ ကျွန်တော်တို့ထုတ်လုပ်ရေးက သဘောကျတယ်ဆိုရင်တော့ တခြားထုတ်လုပ်ရေးနဲ့လည်း လက်တွဲဖြစ်မှာပါ၊ လာရောက် ကမ်းလှမ်းမှုတွေကိုလည်း ကျွန်တော်တို့ဘက်က ကြိုဆိုနေပါတယ်”ဟု ပြောသည်။
ပိုင်တံခွန်ကလည်း “ကျွန်တော် Brave Empire နဲ့ ဇာတ်ကားတွေ ရိုက်ကူးဖို့ ပြင်ဆင်နေပါတယ်၊ Brave Empire ဆိုတာကလည်း ဇာတ်ကားကောင်းတွေကို စနစ်တကျ ရိုက်ကူးပြီး အရည်အသွေးကိုသာ ဦးစားပေးတဲ့ ထုတ်လုပ်ရေးမို့ ကျွန်တော် ယုံကြည်ပြီးသားပါ၊ ကျွန်တော့်ကားတွေ ထွက်လာရင် အားပေးဖို့ပဲ ပြောပါရစေ” ဟု ပိုင်တံခွန်က ပြောသည်။
ပိုင်တံခွန်အနေဖြင့် သြဂုတ် ၇ ရက်က ထိုင်းနိုင်ငံ၌ ထိုင်းပရိသတ်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ “ကျွန်တော့်အနေနဲ့ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ရော၊ Photo Model အဖြစ်နဲ့ရော ကြော်ငြာလေးတွေ ရိုက်ဖြစ်တာ ကြာပါပြီ၊ အဲဒီလိုကနေ ပုံလေးတွေ အွန်လိုင်းမှာတင်ရင်း ထိုင်းက ပရိသတ်တွေက တဖြည်းဖြည်း သတိထားမိလာပြီး အားပေးလာကြတယ်၊ အထူးသဖြင့်တော့ မြန်မာပရိသတ်တွေက ကျွန်တော့်ကို ချစ်ကြ အားပေးကြရာကနေ ထိုင်းကပရိသတ်တွေပါ အားပေး လာကြတာပေါ့နော်၊ အစကတော့ ထိုင်းက ပရိသတ်တွေနဲ့တွေဖို့ ကျွန်တော်ကြောက်တယ်၊ အစ်ကိုကြီးကိုစိုးလှိုင်တို့က ထိုင်းပရိသတ်တွေနဲ့ တွေ့သင့်တယ်၊ ပြီးတော့ ထိုင်းက ကျွန်တော့်ကို ချစ်ကြခင်ကြတဲ့ သူတွေကလည်း တွေ့ချင်ကြတယ် ဆိုတာကြောင့် ကျွန်တော်တွေ့ဆုံပွဲလေး လုပ်ဖြစ်သွားတာပါ” ဟု ထိုင်းပရိသတ်နှင့် တွေ့ဆုံခဲ့သည့် အစီအစဉ်နှင့်ပတ်သက်၍ ပိုင်တံခွန်က ပြောပြသည်။