နိုဝင်ဘာ ၂

ယခုကဲ့သို့ သွင်းအားစုစရိတ်များ ဈေးနှုန်းမြင့်တက်နေသည့်ကာလတွင် ဆေးရွက်ကြီးပင်စိုက်ပျိုးရေးမှာ ပိုးသတ်ဆေး၊ မှိုသတ်ဆေး အသုံးပြုရန် မလိုအပ်သည့်အတွက် စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် တွက်ခြေကိုက်မှု ရှိနေကြောင်း သိရသည်။

"ဆေးရွက်ကြီးပင် စမစိုက်ပျိုးခင်မှာ မြေပြုပြင်တဲ့အနေနဲ့ ထယ်ထိုးထွန်မွှေ၊ ယာကို သမန်းကျအောင် လုပ်ပြီး မြေခံ (မြေသြဇာ) ထည့်ပြီးမှ စိုက်ပျိုးကြပါတယ်။ မြေသြဇာကိုတော့ ဒုတိယအကြိမ် ရေသွင်းပြီးမှ ပုလဲ(ယူရီးယား) ထပ်ကျွေးပေးကြပါတယ်။ ရေသွင်းရင်းနဲ့ တစ်ဧကကို ပုလဲဓာတ်မြေ သြဇာ တစ်လုံးလောက် ထည့်ပေးတာပေါ့။ ဆေးရွက်ကြီးပင်က မူလသဘာဝကိုက ပိုးနှိမ်နင်းတဲ့အတွက် ပိုးသတ်ဆေး၊ မှိုသတ်ဆေး သုံးစရာမလိုဘူးဆိုတော့ သွင်းအားစုစရိတ်လည်း တအားမကုန်ကျဘူးပေါ့။" ဟု မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ထနောင်းတိုင်ကျေးရွာမှ ဦးအောင်ကျော်မြင့် က ပြောသည်။

ဆေးရွက်ကြီးပင်စိုက်ပျိုးရာတွင် သြဂုတ်လတွင် အစေ့ပျိုးထောင်၍ အောက်တိုဘာလတွင် စတင်စိုက်ပျိုးလေ့ရှိကြသည်။

"အစေ့ပျိုးပြီး ရက်ခြောက်ဆယ်လောက်ဆို အပင်လေးတွေကို ရွေ့ပြီး စစိုက်ပါတယ်။ ကျွန်တော်တို့ ဒေသမှာတော့ တစ်ပင်နဲ့တစ်ပင်/တစ်တန်းနဲ့တစ်တန်းကို ပင်ကြား၊ တန်းကြား လက်မ သုံးဆယ် ပတ်လည် ထားစိုက်လေ့ရှိကြပါတယ်။ စိုက်ပျိုးပြီး ၄၅ ရက်သား လောက်ဆို အဖူးနှိမ်ပေးရတယ်။ စိုက်ပျိုးပြီး သုံးလသားလောက် (ဒီဇင်ဘာလလောက်) ဆိုရင် အပင်ကနေ ခူးပြီး နေလှမ်းပြီး သိမ်းရပါတယ်။ ခူးသက်တမ်းကတော့ နှစ်လလောက် ကြာပါတယ်။" ဟု ဦးအောင်ကျော်မြင့် က ဆက်လက်ပြောသည်။

ဆေးရွက်ကြီးပင် စိုက်ပျိုးစရိတ်အနေဖြင့် မြေပြုပြင်ချိန်မှစ၍ မျိုးစေ့၊ သွင်းအားစုစရိတ်တို့ အပါအဝင် တစ်ဧကစိုက်ပျိုးစရိတ် စုစုပေါင်း ရှစ်သိန်းကျပ်ဝန်းကျင် ကုန်ကျကြောင်း သိရသည်။

နန်းထက်ထက်ချစ်