နေပြည်တော်၊ ဧပြီ ၃

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၃၉) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် သက်ဆိုင်ရာ ဌာနများပူးပေါင်းပါဝင်သည့် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ဝင်များ  တက်ရောက်ကြသည်။ 

ရှေးဦးစွာ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက သဘာဝပတ်ဝန်းကျင်နှင့် အများပြည်သူကို ထိခိုက်မှုမရှိပဲ စိုက်ပျိုးရေးလုပ်ငန်းတွင် အကျိုးရှိစွာ အသုံးပြုနိုင်ရန် ပိုးသတ်ဆေးများ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေးနှင့် အရည်အသွေး ပြည့်ဝရေးအတွက် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်လျက်ရှိသကဲ့သို့ ပိုးသတ် ဆေး သိုလှောင်ခြင်း၊ ထုပ်ပိုးခြင်း၊ သယ်ယူဖြန့်ဖြူး ရောင်းချခြင်း စသည့် ထိန်းသိမ်းမှု ကိုင်တွယ်မှု စနစ်တကျ ဖြစ်စေရေး၊ စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုရာ၌ မူလဆေးညွှန်းပါ အတိုင်း တိကျစွာအသုံးပြုရေးနှင့် ပိုးသတ်ဆေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို သက်ဆိုင်ရာ ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များက အလေးထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့်လုပ်ငန်းများကို ဖတ်ကြားတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက အကြောင်းအရာတစ်ခုချင်းအလိုက် ဆွေးနွေးခဲ့ ကြသည်။

စိုက်ပျိုးသီးနှံများ၏  အရည်အသွေးနှင့် အထွက်နှုန်းတိုးတက်စေရန် အထောက်အကူပြုသော သွင်းအားစု တစ်ခုဖြစ်သည့် ပိုးသတ်ဆေးများ အရည်အသွေးပြည့်မီရန်၊ အန္တရာယ်ကင်းသော ပိုးသတ်ဆေးများကို ထိရောက်စွာ အသုံးပြုနိုင်ရန် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က ပိုးသတ်ဆေး ဥပဒေအရ လုပ်ငန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိရာ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ (၃၈) ကြိမ်မြောက် အစည်းအဝေးပြီးဆုံးသည့် ကာလအထိ  ပိုးသတ်ဆေးစုစုပေါင်း (၄၁၅၇) မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ယနေ့ကျင်းပသည့် (၃၉) ကြိမ်မြောက် အစည်းအဝေးတွင် ပိုးသတ်ဆေး နည်းပညာကော်မတီဝင်များက စိစစ်ပြီးတင်ပြ လာသည့် ပိုးသတ်ဆေးအမျိုးပေါင်း (၁၂၂) မျိုးကို အတည်ပြုပေးနိုင်ရေး ဆွေးနွေးဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်