နေပြည်တော် ဩဂုတ် ၁၅
ပိုးသတ်ဆေးနည်းပညာကော်မတီ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး ဦးစီးဌာနရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပိုးသတ်ဆေး အမျိုးအစား ပေါင်း (၉၃)မျိုး နှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေး ပညာရှင်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနတို့မှ ပညာရှင်များ ပါဝင်ဖွဲ့စည်းထားသည့်အဖွဲ့က စိစစ်သုံးသပ်ဆွေးနွေးကြသည်။
ဉီးစွာ ပိုးသတ်ဆေးနည်းပညာကော်မတီဥက္ကဋ္ဌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက ပိုးသတ်ဆေးသုံးစွဲ တင်သွင်းဖြန့်ချိနိုင်ရေး မှတ်ပုံတင်ခွင့် ပြုရာ၌ သီးနှံဖျက်ပိုးများအပေါ် ထိရောက်မှု၊ လူနှင့်သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးနှင့် ရေရှည်တွင် ဓါတုဓါတ်ကြွင်း အန္တရာယ်ကင်းရှင်းရေးတို့ကို ထည့်သွင်း သုံးသပ်စိစစ်ရမည် ဖြစ်ကြောင်း၊ နိုင်ငံအတွင်း၌ ပိုးသတ်ဆေးထုတ်လုပ်မှု အားနည်းနေသဖြင့် ပြည်တွင်း၌ ထုပ်လုပ်နိုင်ရေး ပိုးသတ်ဆေးဥပဒေနှင့်အညီ နိုင်ငံခြားတိုက်ရိုက်ရင်း နှီးမြှုပ်နှံမှု(FDI)များကို ဖိတ်ခေါ်ရမည် ဖြစ်ပါကြောင်း၊ ပြည်တွင်းထုတ်လုပ်သော ပိုးသတ်ဆေးများသည် ပြည်ပမှ ကုန်ကြမ်း တင်သွင်းကြရသည့်အတွက် ကုန်ကြမ်းများကိုလည်း အရည်အသွေး မှန်မမှန် ဓါတ်ခွဲနိုင်ရေး ဓါတ်ခွဲခန်းများကို အဆင့်မြှင့်တင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မူဝါဒအရ ဓါတုပိုးသတ်ဆေးသုံးစွဲမှုလျှော့ချ၍ သဘာဝပိုးသတ်ဆေးများ သုံးစွဲနိုင်ရေး နည်းပညာပေးရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေး မှာကြားသည်။
မှတ်ပုံတင်လျှောက်ထားသည့် ပိုးသတ်ဆေးများကို စိုက်ခင်းများတွင် စမ်းသပ်ခြင်း၊ ဖော်ပြထားသည့် ဓါတုပစ္စည်းပါဝင်မှု မှန်မမှန် ဓါတ်ခွဲစစ်ဆေးခြင်း၊ အရည်အသွေးမှန်ကန်မှုတို့ကို စစ်ဆေးဆောင်ရွက်ပြီး ပိုးသတ်ဆေးနည်းပညာကော်မတီ အစည်းအဝေး၌ စိစစ်သုံးသပ်ရရှိသည့် အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများပါဝင် ဖွဲ့စည်းထားသည့် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ အစည်းအဝေးသို့ ပိုးသတ်ဆေးဥပဒေနှင့်အညီ တင်ပြဆောင်ရွက်ရခြင်းဖြစ်ပြီး ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က စမ်းသပ်သုံးစွဲခွင့် မှတ်ပုံတင် (၁၁၇)ခု၊ ယာယီသုံးစွဲခွင့် မှတ်ပုံတင်(၁၈၆၈)ခု၊ အပြည့်အဝ သုံးစွဲခွင့် မှတ်ပုံတင်(၂၂၅၁)ခု နှင့် ပြင်ဆင်သုံးစွဲခွင့် မှတ်ပုံတင်(၁)ခု၊ စုစုပေါင်း (၄၂၃၇)ခု ကို ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုအစည်းအဝေး၌ ပိုးသတ်ဆေးအမျိုးအစား(၉၃)မျိုးကို မှတ်ပုံတင်ခွင့်ပြုရေးအတွက် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


