နေပြည်တော် ၁၈ ဇန်နဝါရီ
ပိုးသတ်ဆေးကိုင်တွယ်သုံးစွဲသူများဘေးအန္တရာယ် ကင်းရှင်းစေရန်၊ စိုက်ပျိုးရေးထွက်ကုန် စားသုံးသူများနှင့် သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ပိုးသတ်ဆေးအကျိုး အာနိသင် ထိရောက်မှုရှိစေရန် ရည်ရွယ်၍ ပိုးသတ်ဆေးဥပဒေကို အသစ်ပြဌာန်းခဲ့ပြီးဖြစ်သည်။
လူနှင့် ပတ်ဝန်းကျင်အား အန္တရာယ်ဖြစ်စေမှု နည်းပါးပြီးထိရောက်စွာကာကွယ် နှိမ်နင်းနိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစု ပိုးသတ်ဆေးများကို တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းအတွက် နည်းပညာရပ်ပိုင်းဆိုင်ရာ စိစစ်ပြီး သတ်မှတ်ပြဌာန်းထားသော ဥပဒေနှင့်အညီ ထိန်းကျောင်း ကြပ်မတ်နိုင်ရန် ပိုးသတ်ဆေးမှတ်ပုံတင် အဖွဲ့အစည်းအဝေးများ ကျင်းပ ဆောင်ရွက်ခဲ့ရာ ယမန်နေ့ ညနေပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ပိုးသတ်ဆေးမှတ် ပုံတင်အဖွဲ့ ၏ ၂၉ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပသည်။
အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဌ၊ ဒုတိယဝန်ကြီးဦးလှကျော် က အဖွင့်အမှာစကား ပြောကြားပြီး၊ အတွင်းရေးမှူးညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ကပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏(၂၉) ကြိမ်မြောက် အစည်းအဝေးသို့ တင်ပြသည့် အမှာစာများ နှင့် အထွေထွေ ဆုံးဖြတ်ချက်များအား အတည်ပြုနိုင်ရန် ရှင်းလင်းတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသော ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဝင်များက ဆွေးနွေးအတည်ပြုကြသည်။
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့သည် ပိုးသတ်ဆေးမှတ်ပုံတင်ခြင်းလုပ်ငန်းများ၊ ပိုးသတ် မှိုင်းတိုက်ခွင့်လိုင်စင်၊ ပိုးသတ်ဆေးဖော်စပ်ရောင်းချခွင့် လိုင်စင်နှင့် ပိုးသတ်ဆေး ပြန်လည် ထုပ်ပိုးခွင့်လိုင်စင် ခွင့်ပြုခြင်းများကို ဆောင်ရွက်ခဲ့ရာ (၂၈) ကြိမ်မြောက် အစည်းအဝေး အထိ ပိုးသတ်ဆေး စုစုပေါင်း(၃၇၅၉)မျိုးကို မှတ်ပုံတင် ခွင့်ပြုခဲ့ပြီး ယနေ့ကျင်းပသော (၂၉)ကြိမ်မြောက် အစည်းအဝေးတွင် ပိုးသတ်ဆေးအမျိုးပေါင်း(၆၄) မျိုးကို မှတ်ပုံတင် ခွင့်ပြုနိုင်ရေးဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
(သတင်းစဉ်)