နေပြည်တော် ဩဂုတ် ၂၉
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၃)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးလုပ်ငန်းတွင် သီးနှံများဖြစ်ထွန်း အောင်မြင်ရေးနှင့် အထွက်နှုန်းတိုးတက်ရေးအတွက် အရည်အသွေးကောင်းမွန်သော ပိုးသတ်ဆေးများကို စနစ်တကျသုံးစွဲရန်လိုအပ်ပါကြောင်း၊ အခြား တစ်ဘက်တွင်လည်း အစားအစာ ဘေးကင်းလုံခြုံရေးနှင့် ပြည်ပပို့ကုန်အဖြစ် တင်ပို့ရာတွင် အပြည်ပြည်ဆိုင်ရာ(Food Safety Standard) များနှင့် ညီညွတ်စေရေး လေ့လာဆောင်ရွက်ရန် လိုအပ်သဖြင့် သက်ဆိုင်ရာ ဌာနများဖြင့် ပေါင်းစပ်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည့် မိမိတို့ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့အနေဖြင့် ဆိုင်ရာကဏ္ဍများမှ လိုအပ်သော အကြံပြုဆွေးနွေးချက်များဖြင့် ဝိုင်းဝန်းကြိုးပမ်းပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်သော အဆိပ်ရှိပစ္စည်း (Active Ingredient) အမျိုးအစားနှင့် ကုန်သွယ်မှုအမည် (Trade Name) အလိုက် စမ်းသပ်မှုများကို စိစစ်သုံးသပ်ပြီး စမ်းသပ်မှုရလဒ်များ အောင်မြင်ခဲ့သော ပိုးသတ်ဆေးများကို ယာယီသုံးစွဲခွင့် မှတ်ပုံတင်အမျိုးအစားသို့ တိုးမြှင့်ရေးအတွက် ပိုးသတ်ဆေးနည်းပညာ ကော်မတီဝင်များမှ စိစစ်၍ တင်ပြလာသောကိစ္စရပ်များ၊ ယာယီသုံးစွဲခွင့်မှတ်ပုံတင်မှ အပြည့်အဝသုံးစွဲခွင့်မှတ်ပုံတင် အမျိုးအစားသို့ တိုးမြှင့်ခွင့်ပြုနိုင်ပါရန် ပိုးသတ်ဆေး နည်းပညာကော်မတီ အစည်းအဝေးတွင် အဖွဲ့ဝင်များ ဆွေးနွေး၍ ဆက်လက်တင်ပြလာသောကိစ္စရပ်များ၊ အပြည့်အဝသုံးစွဲခွင့် မှတ်ပုံတင်အမျိုးအစားသို့ သက်တမ်းတိုး လျှောက်ထားလာသော ပိုးသတ်ဆေးများနှင့် သတ်မှတ်ကာလထက် သက်တမ်းကျော်လွန်သော ပိုးသတ်ဆေးများအား ပိုးသတ်ဆေးဥပဒေ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်စီမံ ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးသည်။ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၂)ကြိမ်မြောက် အစည်းအဝေး ပြီးဆုံးသည့်ကာလအထိ ပိုးသတ်ဆေး စုစုပေါင်း (၄၂၃၇) မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အလားတူ ဒုတိယဝန်ကြီးသည် နံနက်ပိုင်းကလည်း စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (AERDTC) တွင် ဖွင့်လှစ်ပို့ချလျက်ရှိသော မျိုးစေ့နည်းပညာ ပြန့်ပွားရေးဆိုင်ရာ အသိပညာပေးသင်တန်းတွင် တက်ရောက်လျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင် မျိုးစေ့တာဝန်ခံများနှင့် မြို့နယ်မျိုးစေ့ဝန်ထမ်း သင်တန်းသား သင်တန်းသူများအား သွားရောက်တွေ့ဆုံ၍ နည်းပညာပေးလုပ်ငန်းများတွင် Artifical Intelligent (AI) ကို အသုံးပြုနိုင်ရေးကို လေ့ကျင့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း လုပ်ငန်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


