နေပြည်တော် စက်တင်ဘာ ၁၂

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ အကြိမ်(၄၀)မြောက် အစည်းအဝေးကို  ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအ ဝေးခန်းမ၌ ကျင်းပရာ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်သည့် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဌ ဒုတိယဝန်ကြီးက သီးနှံအထွက်နှုန်း တိုးတက်စေရေးအထောက်အကူပြု သွင်းအားစုတစ်ခုဖြစ်သည့် ပိုးသတ်ဆေးကိုသုံးစွဲရာ၌ အရည်အသွေးပြည့်မီပြီး အန္တရာယ်ကင်းသော ပိုးသတ်ဆေးများကို ထိရောက်စွာ အသုံးပြုနိုင်ရန် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့အနေဖြင့် စိစစ်ဆောင်ရွက်လျက်ရှိသကဲ့သို့ ပိုးသတ်ဆေးမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်များကိုလည်း စနစ်တကျ ပိုမိုကောင်းမွန်စေရန် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ပပို့ကုန်များတွင် ပိုးသတ်ဆေးဓါတ်ကြွင်းများ စစ်ဆေးတွေ့ရှိမှုသည် မိမိတို့နိုင်ငံ၏ ကုန်သွယ်မှုအခွင့်အလမ်းများ လျော့ကျလာနိုင်သည်ကို အထူးသတိထား၍ ပိုးသတ်ဆေးအမျိုးအစား တစ်မျိုးချင်းစီအပေါ်တွင် ရှုထောင့်မျိုးစုံမှ ပြန်လည်သုံးသပ်ပြီး ဓါတ်ကြွင်းများကြောင့် ထိခိုက်မှုမရှိစေရေးနှင့် စားသုံးသူများဘေးအန္တရာယ် ကင်းစင်ရေးအတွက် မိမိတို့ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ဝင်များအနေဖြင့် အလေးအနက် ထား ဆောင်ရွက်ကြစေလိုကြောင်း၊ ပိုးသတ်ဆေးနှင့်ပေါင်းသတ်ဆေးများကို သုံးစွဲရာတွင် လည်း တောင်သူကြီးများ ဝယ်ယာသုံးစွဲသည့်အချိန်မှ စိုက်ခင်းအတွင်းသုံးစွဲသည်အထိ လိုက်နာဆောင်ရွက်ရန်ရှိသည့် အချက်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် နည်းပညာပေးရန် လိုအပ်နေကြောင်း၊ မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးကိုလည်း ဓါတုဆေးဝါးများကို မှီခိုနေရသည့် အခြေအနေမှ ကျန်းမာသောဂေဟစနစ်ကိုအခြေခံသည့် စိုက်ပျိုးရေးဖြစ်စေရန် တောင်သူလယ်သမားများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း  ပြောကြားသည်။

ထို့နောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ တွဲ့ဖက်အတွင်းအရေးမှူး ညွှန်ကြားရေးမှူး ဦးဇော်လင်း က အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းများကို ဖတ်ကြား တင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက အကြောင်းအရာတစ်ခုချင်း အလိုက် ဆွေးနွေးခဲ့ကြသည်။

သီးနှံဖျက်ပိုးမွှားများကြောင့် သီးနှံအထွက်နှုန်းနှင့် အရည်အသွေး ထိခိုက်မှုမရှိစေရန် အထောက်အကူပြု စိုက်ပျိုးရေးသွင်းအားစုတစ်ခုဖြစ်သည့် ပိုးသတ်ဆေးများ အရည် အသွေး ပြည့်မီရန်၊ အန္တရာယ်ကင်းသော ပိုးသတ်ဆေးများကို ထိရောက်စွာ အသုံးပြုနိုင်ရန် တည်ဆဲပိုးသတ်ဆေးဥပဒေနှင့်အညီ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့ကျင်းပသည့် အကြိမ်(၄၀)မြောက် အစည်းအဝေးတွင် ပိုးသတ်ဆေး နည်းပညာကော်မတီဝင်များက စိစစ်ပြီးတင်ပြလာသည့် ပိုးသတ်ဆေး ၁၂၂မျိုးကို အတည်ပြုပေးနိုင်ရေး ‌ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်