မြင်းမူ   ၁၆   မေ

 

စိုက်ပျိုးရေးလုပ်ကိုင်နေသူ ဒေသခံတောင်သူများ မိမိတို့စိုက်ခင်းအတွင်း ပိုးသတ်ဆေးသုံးစွဲမှု လျှော့ချနိုင်ရေးအတွက်စိုက်ပျိုးရေး နည်းပညာပေးလုပ်ငန်းဖြစ်သော ကပ်ပါးနဂျီဥကပ်များ စိုက်ပျိုးသီးနှံပင်များတွင် ချိတ်ဆွဲပေးခြင်းကို မေ ၁၅ ရက်နေ့က စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ပျော့ရွာကျေးရွာလျှပ်စစ် မြစ်ရေတင်စီမံကိန်း စိုက်ကွင်းအတွင်းရှိ ကွင်းအမှတ်(၃၆၅) တောင်သူဦးကြည်၏ မိုးကြိုပဲတီစိမ်း (၄)ဧကစိုက်ကွင်းအတွင်း ပြုလုပ်ခဲ့သည်။

 

ယခုချိတ်ဆွဲပေးမည့် ကပ်ပါးနဂျီဥကပ်တစ်ခုတွင် ကပ်ပါးဥ(၁၀ဝ၀)ပါဝင်ကြောင်း ကွင်းအတွင်း ပေ(၃၀)ပါတ်လည်နေရာတွင် တစ်ခုချိပ်ဆွဲပေးရမည်ဖြစ်ကြောင်း၊ အပင်ဖြစ်ထွန်းသည့် အချိန်မှစ၍ ရိတ်သိမ်း ကောက်ယူချိန်အထိ(၁)ကြိမ်သာ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ကပ်ပါးနဂျီကပ်များ အသုံးပြုလာသည်နှင့်အမျှ ပိုးသတ်ဆေးသုံးစွဲမှုကို လျှော့ချလာနိုင်မည်ဖြစ်သည့်အပြင် ထောက်အကူဖြစ်မည့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးရဲမြင့်သိန်းထံမှ သိရှိရသည်။

 

ယခုကပ်ပါးနဂျီအိပ်ချိတ်ဆွဲပေးသည့် စိုက်ကွင်းအတွင်း မိုးကြိုပဲတီစိမ်း ရေဆင်း(၁၁)နှင့် ရေဆင်း(၁၄)မျိုး(၂၅)ဧကကို စိုက်ပျိုးထားရှိကြောင်း (၁)ဧကလျှင်ပျှမ်းမျှ တင်း(၂၀)ထွက်ရှိကြောင်း စိုက်ကွင်းတာဝန်ခံ ဒေါ်သင်းနွယ်ဦးထံမှ သိရှိရသည်။

 

ယခုကပ်ပါးနဂျီအိတ် စုပေါင်းချိတ်ဆွဲခြင်းပြုလုပ်ရာသို့ စစ်ကိုင်းခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်မာမာအောင်၊ လက်ထောက်ဦးစီးမှူးဒေါ်ရီရီသိန်း၊ ပလိပ်ဇီဝဓါတ်ခွဲခန်း တာဝန်ခံဒေါ်ရီရီဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှုး  ဦးရဲမြင့်သိန်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

အောင်စိုးဖေ(မြင်းမူ)