ပန်းကလေးတွေနဲ့ လူကလေးလေးတွေကြား ပြဿနာတစ်ခုကို သုတေသနအသစ်က ဖော်ထုတ်ပြလိုက်ပါတယ်။ ကလေးတွေကို ပန်းတွေပေးပြီး ဆော့ကစားခွင့်ပေးတဲ့ ဒါမှမဟုတ် ပန်းခင်းထဲမှာ ဆော့စေတဲ့ မိဘတွေအတွက် သတိပြုစရာဖြစ်ပါတယ်။ ဈေးကွက်မှာရောင်းချနေကြတဲ့ ပန်းတွေမှာ ကပ်ပါလာနိုင်တဲ့ ပိုးသတ်ဆေးကြောင့် ကလေးမှာ သွေးတိုးရောဂါဖြစ်နိုင်ခြေပိုများစေနိုင်တယ်လို့ သုတေသီတွေက ပြောလာပါတယ်။
Environmental Research ဂျာနယ်မှာ ဖော်ပြခဲ့တဲ့လေ့လာတွေ့ရှိချက်မှာ အီကွေဒေါနိုင်ငံအတွင်းက ပန်းခင်းတွေအနီးနေထိုင်တဲ့ ကလေးတွေရဲ့ကျန်းမာရေးကို လေ့လာဆန်းစစ်ခဲ့ကြတာဖြစ်ပါတယ်။ ပန်းတွေနဲ့ထိတွေ့ခဲ့တဲ့ ကလေးတွေမှာ သွေးတိုးဖြစ်လာနိုင်ခြေပိုများတာကို တွေ့ရပါတယ်။
ပိုးသတ်ဆေးဖျန်းထားတဲ့ကာလနဲ့ ပန်းတွေကိုဈေးကွက်ဖြန့်တဲ့ မိခင်များနေ့မှာ ပန်းတွေနဲ့ထိတွေ့ခဲ့တဲ့ ကလေးတွေ သွေးတိုးဖြစ်လာတာကို သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
University of California San Diego School of Medicine မှ သုတေသီက မေလရဲ့ မိခင်များနေ့မှာ သုတေသနလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အီကွေဒေါနိုင်ငံဟာ မြောက်အမေရိက၊ ဥရောပနဲ့ အာရှတို့ကို တင်ပို့နေရတဲ့ ကမ္ဘာ့အကြီးဆုံးစီးပွားဖြစ် ပန်းစိုက်ပျိုးရေးလုပ်ငန်းရှိနေတာ ဖြစ်ပါတယ်။
“ပိုးသတ်ဆေးဖျန်းတဲ့ရာသီမှာ ပန်းတွေနဲ့ နီးစပ်တဲ့ပတ်ဝန်းကျင်က ကလေးတွေကို ပိုးသတ်ဆေးထိတွေ့မိနိုင်ခြေပိုများသလို ကလေးတွေရဲ့ သွေးဖိအားကိုမြင့်စေပြီး သွေးတိုးအန္တရာယ်ရှိနိုင်တယ်ဆိုတာ ပထမဆုံးတွေ့ရှိချက်ဖြစ်ပါတယ်” လို့ သုတေသီ Jose Suarez ကပြောပါတယ်။
ပန်းတွေပွင့်တဲ့ရာသီမှာဆို စိုက်ပျိုးသူတွေက ပိုးသတ်ဆေး၊ မှိုသတ်ဆေးနဲ့ တခြားစိုက်ပျိုးရေးသုံးဓာတုဆေးတွေကို ပိုသုံးကြတယ်။ ဒီအချိန်မှာ သုတေသီတွေက ပန်းတွေနဲ့ နီးနီးစပ်စပ်နေထိုင်ကြတဲ့ အသက်လေးနှစ်ကနေ ကိုးနှစ်အရွယ် မိန်းကလေးနဲ့ ယောကျာ်းလေး ၃၁၃ ဦးကိုလေ့လာခဲ့ကြတာဖြစ်ပါတယ်။
သုတေသနအဖွဲ့က မိခင်များနေ့နောက်ပိုင်း ရက် ၁၀ဝ အထိ ကလေးတွေရဲ့ကျန်းမာရေးကို စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။
မိခင်များနေ့မှာ ပန်းတွေရိတ်သိမ်းခဲ့ပြီးနောက် ၈၁ ရက်အတွင်း လေ့လာခဲ့တဲ့ကလေးတွေမှာ တခြားကလေးတွေထက် သွေးဖိအား သုံးဆပိုမြင့်နေတာ တွေ့ခဲ့ရပါတယ်။
အရင်သုတေသနမှာတော့ ဒီပိုးသတ်ဆေးတွေကြောင့် ကလေးတွေမှာ အာရုံစူးစိုက်မှု၊ ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်မှု၊ အာရုံထိတွေ့မှုပိုင်း လုပ်ဆောင်နိုင်စွမ်းအပေါ် ဘယ်လိုသက်ရောက်မှုရှိနေလဲဆိုတာကို လေ့လာတွေ့ရှိထားတာ ဖြစ်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”