ရန်ကုန်၊  ၂၄  ဇန်နဝါရီ

 

ကျေးလက်နေ ဝင်ငွေနည်းမိသားစုများအား ကူညီဖြည့်ဆည်းပေးလျက်ရှိသော ပက်အပြည်ပြည်ဆိုင်ရာ အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုရံပုံငွေ (Pact Global Microfinance Fund) အဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသော အသင်းဝင်များနှင့် သံသယလူနာအဖြစ် စောင့်ကြည့်ခံနေရသော အသင်းဝင်များအား ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။

 

ပက်အပြည်ပြည်ဆိုင်ရာ အသေးစား ငွေရေးကြေးရေး ဝန်ဆောင်မှုရံပုံငွေအဖွဲ့မှ အသင်းဝင် ကိုဗစ်-၁၉ လူနာများနှင့် သံသယလူနာအဖြစ် စောင့်ကြည့်ခံနေရသော အသင်းဝင်များအား ကူညီထောက်ပံ့ခဲ့ရာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် အသင်းသား ၈၆ ဦးကို စုစုပေါင်း ငွေကျပ် ၃,၉၁၅,၀၀၀ ကျပ်၊ နိုဝင်ဘာလတွင် အသင်းသား ၈၇၄ ဦးကို စုစုပေါင်းငွေကျပ် ၄၁,၀၀၀,၀၀၀ ကျပ်နှင့် ဒီဇင်ဘာလတွင် အသင်းသား ၁,၁၆၁ ဦးကို စုစုပေါင်းငွေကျပ် ၅၄,၁၆၉,၀၀၀ ကျပ် ထောက်ပံ့ပေးနိုင်ခဲ့ပြီး လက်ရှိအချိန်ထိ ထောက်ပံ့ပေးထားသည့် အသင်းသားဦးရေ ၂,၁၂၁ ဦး ရှိကာ စုစုပေါင်းငွေကျပ် ၉၉,၀၈၄,၀၀၀ ကျပ် ကို ထောက်ပံ့ပြီးဖြစ်ကြောင်း သိရသည်။

 

“ပက်အပြည်ပြည်ဆိုင်ရာ အသေးစား ငွေရေးကြေးရေးဝန်ဆောင်မှု ရန်ပုံငွေအဖွဲ့အစည်းက ထုတ်ချေးနေတဲ့ မည်သည့်ချေးငွေ အမျိုးအစားကိုမဆို ရယူထားတဲ့ အသင်းသားတိုင်း အခုထောက်ပံ့ငွေကို ခံစားခွင့်ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်မှုရှိတဲ့ အသင်းသားတွေအတွက် တစ်ဖက်တစ်လမ်းက အကူအညီဖြစ်စေဖို့ အခုလို ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်” ဟု PGMF ၏ Chief Operating Officer, Mr. Fahmid Bhuiya က ပြောသည်။

 

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း၌ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်အကိုင်များ ရပ်နားထားရပြီး စားဝတ်နေရေး အခက်အခဲရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ သန်လျင်၊ ကျောက်တန်း၊ ရွှေပြည်သာ မြို့နယ်များရှိ အသင်းသား စုစုပေါင်း ၁၇,၄၉၈ ဦးအတွက် ငွေကျပ်သိန်းပေါင်း တစ်ထောင့်ရှစ်ရာကျော် တန်ဖိုးရှိ အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကုလားပဲ စသည့်တို့ကို ရပ်ကွက်နှင့် ကျေးရွာများအရောက် ပက်အပြည်ပြည်ဆိုင်ရာ အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှု ရန်ပုံငွေအဖွဲ့အစည်းမှ ဝန်ထမ်းများက သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 

ထို့ပြင် အဆိုပါမြို့နယ်များရှိ ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကော်မတီများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးရုံးများသို့လည်း နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များ လှူဒါန်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်များ ပါဝင်သည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အသေးစား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေများ ထုတ်ချေးပေးလျက်ရှိသော ပက်အပြည်ပြည်ဆိုင်ရာ အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှု ရန်ပုံငွေအဖွဲ့သည် ၁၉၉၇ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ကျေးလက်ဒေသနေ အသက် ၁၈ နှစ်မှ အသက် ၆၀ အကြား မည်သူမဆို အသင်းဝင်အဖြစ် ချေးငွေရယူနိုင်ပြီး PGMF အနေဖြင့် လက်ရှိတွင် စီးပွားရေးလုပ်ငန်းချေးငွေ၊ ပစ္စည်းကိရိယာ အရစ်ကျဝယ်ယူခြင်းချေးငွေ၊ ထပ်ဆောင်းချေးငွေ၊ လူနေမှု အဆင့်မြှင့်တင်ရေးချေးငွေ၊ ကျန်းမာရေးချေးငွေ၊ ပညာရေးချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - PGMF