၁၁ ဇွန်
ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း ဝါဇီရစ္စတန် ခရိုင်တွင် ယမန်နေ့က ပါကစ္စတန်စစ်သားများ လိုက်ပါလာသည့် မော်တော်ယာဉ် မောင်းနှင်လာစဉ် လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် စစ်သားနှစ်ဦး သေဆုံးပြီး အခြားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ လုံခြုံရေးအရာရှိ တစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။
ဒဏ်ရာရ စစ်သားများကို အနီးနားရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ၎င်းက ဆိုသည်။
အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဝါဇီရစ္စတန်ခရိုင် တာပီ ကျေးရွာတွင် လုံခြုံရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထိုအရာရှိက ဆိုသည်။
ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယင်းဒေသကို စစ်ဘက်က ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
အဆိုပါ ကားဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ယခုချိန်ထိ မည်သည့်အုပ်စုကမျှ ဝန်ခံပြောကြားခြင်း မရှိပေ။
မကြာသေးမီ နှစ်များက ပါကစ္စတန်စစ်တပ်သည် မြောက်ပိုင်း ဝါဇီရစ္စတန်ခရိုင်တွင် ပါကစ္စတန်တာလီဘန်တို့ အပါအဝင် အကြမ်းဖက် အုပ်စုများကို စစ်ဆင်ရေး အကြိမ်များစွာ ပြုလုပ်ခဲ့သည်။
ထိုဒေသသည် အများအားဖြင့် ငြိမ်းအေးသော ဒေသဖြစ်သော်လည်း အကြမ်းဖက်သမား အကြွင်းအကျန်များသည် လုံခြုံရေးတပ်ဖွဲ့များအပေါ် တိုက်ခိုက်မှုများ လုပ်ဆောင်နေဆဲဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို