ပါကစ္စတန် အရှေ့ပိုင်း ပန်ဂျပ်တွင် ခရီးသည်တင်ဗင်ကား မီးလောင်မှုဖြစ်ပွား လူ ခြောက်ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

၁၆ ဇွန်

 

ပါကစ္စန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် ဖီဆာလာဘတ်ခရိုင် အမြန်လမ်းမကြီးတွင် အလုံပိတ် မော်တော်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် လူ ခြောက်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရမီဒီယာက သတင်းဖော်ပြထားသည်။

 

နည်းပညာပိုင်းဆိုင်ရာ အမှားကြောင့် ဗင်ကားအင်ဂျင် အပူချိန် မြင့်တက်လာကာ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မိနစ်ပိုင်း အတွင်းမှာပင် ဗင်ကားတစ်စီးလုံး မီးလောင်သွားကြောင်း ဒူယား သတင်းဌာနက ထပ်လောင်းဖော်ပြသည်။

 

ခရီးသည် အနည်းငယ်သာ မီးလောင်နေသော ဗင်ကားပေါ်မှ ခုန်ချကာ လွတ်မြောက်ခဲ့ပြီး ယာဉ်မောင်း အပါအဝင် အခြားခရီသည်များ လွတ်မြောက်ခြင်းမရှိကြောင်း သိရသည်။

 

အခြားယာဉ်မောင်းများထံမှ သတင်းရရှိကာ ဗင်ကားမီးလောင်မှုဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးသမားများ ရောက်ရှိခဲ့ပြီး ဒဏ်ရာရသူများကို အနီးနားရှိ ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းနှင့် ယင်းဒဏ်ရာရသူများအနက် အချို့မှာ အခြေအနေ စိုးရိမ်ရကြောင်း ဖော်ပြထားသည်။

 

မီးသတ်သမားများလည်း ကားမီးလောင်မှု ဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီး ရေဖြင့်ပက်ဖျန်းကာ မီးလောင်ဗင်ကား အပျက်အစီးများကို လမ်းပေါ်မှ ရှင်းလင်းဖယ်ရှားပေးခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို