၁၁ ဇူလိုင်

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် Attock ခရိုင်တွင်  ယနေ့မနက်စောပိုင်းက ခရီးသည်တင်ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးကျခဲ့သဖြင့် ၁၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၀ ဦး ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ ခရီးသည် ၅၉ ဦး ပါသည့်ဘတ်စ်ကားသည် Atock ခရိုင် Hassan Abdal ဒေသအနီး အဆင့်မြင့်အဝေးပြေးလမ်းမကြီးမှ ဘီးချော်ကာ ချောက်ထဲသို့ထိုးကျခဲ့ခြင်းဖြစ်သည်။

ထိုယာဉ်မတော်တဆမှုဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ အပူတပြင်းရောက်ရှိလာပြီး အလောင်းများကို ဖယ်ရှားကာ ဒဏ်ရာရသူများကို ဆေးရုံနှစ်ခု သို့ ပို့ဆောင်ခဲ့ကြသည်။

ပြင်းထန်စွာဒဏ်ရာရသူ ၅ ဦးထက်မနည်းရှိရာ သေဆုံးသူစာရင်း ပိုမိုများပြားလာနိုင်ကြောင်း ယင်းဆေးရုံများမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယင်းဘတ်စ်ကားမှာ ထိုနိုင်ငံ၏ အနောက်မြောက်ဘက် တောင်ကုန်းထူထပ်သော Swat မြို့မှ အရှေ့ဘက်  Lahore မြို့သို့ ဦးတည်သွားနေချိန်တွင် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စိုစွတ်မှုရှိသည့်လမ်းပေါ်တွင် အရှိန်ဖြင့်မောင်းနှင်ခဲ့သဖြင့် ထိုယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

သို့သော်လည်း ယာဉ်မတော်တဆဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းမှာ ယင်း ကားသမား သည် ဖုန်းပြောဆိုရင်းမောင်းနှင်ခြင်းကြောင့် ဖြစ်သည်ဟု ထိုယာဉ်မတော်တဆမှုတွင် ပါဝင်သည့် ဒဏ်ရာရသူတစ်ဦးက ဒေသခံမီဒီယာကို ပြောကြားခဲ့သည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို