၂၆ ဖေဖော်ဝါရီ
အိန္ဒိယနိုင်ငံကို အကြမ်းဖက်တိုက်ခိုက်ရန် ပြင်ဆင်နေသည့် စစ်သွေးကြွစခန်းများကို ပြီးခဲ့သည့် အင်္ဂါနေ့က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စစ်သွေးကြွများစွာ သေဆုံးခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးထံမှ သိရသည်။ ပါကစ္စတန်နိုင်ငံကလည်း ယင်းလေကြောင်းတိုက်ခိုက်မှုသည် ၎င်းတို့၏ လေကြောင်းပိုင်နက်အတွင်း ဝင်ရောက်ခဲ့ကြောင်း စွပ်စွဲထားသည်ဟု သိရသည်။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဗီဂျေး ဂိုဟယ်လ် ၏ သတင်းစာရှင်းလင်းပွဲ ပြောကြားချက်အရ အသေခံတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်ဟု ယုံကြည်ရသဖြင့် ဂျေအာရှီးမိုဟာမတ် (JeM) စစ်သွေးကြွစခန်းအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်သွေးကြွများ၊ သင်တန်းနည်းပြများ၊ အကြီးတန်း တပ်မမှူးများနှင့် အသေခံတိုက်ခိုက်ရန် လေ့ကျင့်သင်ကြားနေသည့် ဂျီဟတ် အုပ်စုအများအပြားကို သုတ်သင်ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံမှာ အခြေစိုက်တဲ့ အဆိုပါ ဂျေအာရှီးမိုဟာမတ် (JeM) စစ်သွေးကြွများသည် ကတ်ရှ်မီးယားရှိ အိန္ဒိယ တပ်ဖွဲ့ဝင် ၄၀ သေဆုံးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်က ဗုံးခွဲတိုက်ခိုက်မှုဟာ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ကြေညာထားသည့် အဖွဲ့ဖြစ်သည်။
“ ယုံကြည်ရတဲ့ ထောက်လှမ်းရေး သတင်းတွေအရ စစ်သွေးကြွတွေဟာ အိန္ဒိယရဲ့ နေရာအနှံ့အပြားမှာ အသေခံ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ သတင်းရထားတယ်။ ပြီးတော့ အဲဒီလိုတိုက်ခိုက်မှုတွေအတွက် ဂျီဟက်တွေကလည်း လေ့ကျင့်သင်ကြားပြီး ထောက်ပံ့ပေးနေတယ်။ အန္တရာယ် ကျရောက်လုဆဲဆဲ အခြေအနေမှာ ရန်သူကို လက်ဦးမှုရယူ တိုက်ခိုက်ဖို့ မုချလိုအပ်လာခဲ့ပါတယ်။ ယနေ့စောပိုင်း ထောက်လှမ်းရေး သတင်းတွေအရ အိန္ဒိယဟာ စစ်သွေးကြွတွေရဲ့ အကြီးဆုံး လေ့ကျင့်ရေးစခန်းကို ဖျက်ဆီးနိုင်ခဲ့ပါတယ်” ဟု ဗီဂျေးကပြောကြားခဲ့သည်။
တိုက်ခိုက်မှု ပြုလုပ်ပြီး အစောပိုင်းတွင် အိန္ဒိယတိုက်လေယာဉ်များသည် ကတ်ရှ်မီးယားဒေသ အပစ်အခတ်ရပ်စဲရေး နယ်နိမိတ်မျဉ်းကို ကျော်လွန်ပြီး ဗုံးကြဲချခဲ့ကြောင်း ပါကစ္စတန်နိုင်ငံဘက်က စွပ်စွဲထားသည်။

အိန္ဒိယနိုင်ငံဘက်ကလည်း ပါကစ္စတန်သည် အိန္ဒိယအုပ်ချုပ်မှုအောက်ရှိ ကတ်ရှ်မီးယား ဒေသက စစ်သွေးကြွများကို ထောက့်ပံ့ပေးနေသည်ဟု စွပ်စွဲထားသည်။
၁၉၄၇ ခုနှစ်က ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်မှု အဆုံးသတ်ပြီးနောက် ဟိမဝန္တာဒေသသည် အိန္ဒိယနှင့် ပါကစ္စတန်အဖြစ် ကွဲသွားခဲ့ပြီး စစ်ပွဲများ ဖြစ်ပွားခဲ့သည်။
စစ်သွေးကြွများကို ထောက်ပံ့ပေးထားသည် ဆိုသော အချက်ကို ပါကစ္စတန်နိုင်ငံဘက်က ငြင်းဆိုထားပြီး အိန္ဒိယနိုင်ငံကလည်း ပါကစ္စတန် နယ်မြေအတွင်း ရာနှင့်ချီသာ ဂျီဟက်များကို လေ့ကျင့်ပေးနိုင်သည့် စခန်းများတည်ရှိနေမှုကို ပါကစ္စတန် အာဏာပိုင်များက လျစ်လျူရှုနေကြောင်းနှင့် ယင်းစစ်သွေးကြွများကို ရှင်းလင်းပေးရန် တိုက်တွန်းထားသည်။
SMZaw(MDN)
Source> AFP
