အောက်တိုဘာ ၅

 

ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ခီဘာပါ့ထန်ခ်ဝါပြည်နယ်တွင် စစ်တပ်နှင့်အကြမ်းဖက်အဖွဲ့တို့  ထိပ်တိုက်ထိတွေ့မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမား ခုနစ်ဦးသေဆုံးခဲ့ကြောင်း ထိုစစ်တပ်က ယမန်နေ့က ပြောကြားသည်။

 

ပါကစ္စတန်စစ်တပ်ပိုင်သတင်းမီဒီယာ အိုင်အက်စ်ပီအာက ပထမအကြိမ်ထိတွေ့မှုတွင် ထိုပြည်နယ်မြို့တော် ပါ့ရှာဝါရှိ ဟတ်စန်ခီလ်ဒေသ၌ အကြမ်းဖက်သမားများက စစ်တပ်ယာဉ်တန်းကို ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။

 

စစ်တပ်က ချက်ချင်းတုံ့ပြန်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမား သုံးဦးသေဆုံးခဲ့ကြောင်းနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားစဉ် အတွင်း စစ်သားနှစ်ဦးလည်း သေဆုံးခဲ့ကြောင်း အိုင်အက်စ်ပီအာက ဖော်ပြခဲ့သည်။

 

အဆိုပါပစ်ခတ်မှုတွင် သေဆုံးသွားသော အကြမ်းဖက်သမားများထံမှလက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု အိုင်အက်စ်ပီအာက ဆိုသည်။

 

ဒုတိယအကြိမ်ထိတွေ့မှုတွင် ထိုပြည်နယ်၏ တန့်ခ်ခရိုင်တွင် လုံခြုံရေးတပ်ဖွဲ့နှင့် အကြမ်းဖက်သမားတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမားလေးဦးသေဆုံးခဲ့ကြောင်း အိုင်အက်စ်ပီအာက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို