အစ္စလာမ္မာဘတ်၊ မတ် ၇
ပါကစ္စတန် အနောက်တောင်ပိုင်းဘလူချီစတန် ပြည်နယ်တွင် မတ် ၆ ရက်က အသေခံဗုံးခွဲသမားတစ်ဦးသည် လုံခြုံရေးဝန်ထမ်းများ လိုက်ပါလာသော ယာဉ်တစ်စီးကို အသေခံဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ကိုးဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အရာရှိများက ပြောသည်။
အဆိုပါဖြစ်စဉ်သည် ဘိုလန်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဗုံးခွဲသမားသည် ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထား သည့် ၎င်း၏ဆိုင်ကယ်ကို လုံခြုံရေးတပ်ဖွဲ့များ တင်ဆောင်လာသော ကုန်တင်ယာဉ်ဆီသို့ မောင်းဝင် ဖောက်ခွဲခဲ့ခြင်းဖြစ် ကြောင်း နယ်မြေခံရဲရာရှိ ဆီဘီ ယူဆက်ဖ် ကာရင်းဘန်ကာက ပြောကြားခဲ့သည်။
ယာဉ်ပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ ဝင် ၂၂ ဦး လိုက်ပါလာကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဘန်ကာက ပြောကြားခဲ့သည်။
အဆိုပါဒေသအတွင်း အကြမ်းဖက်ခြိမ်းခြောက်မှုများ ဖြစ်ပွားမည့်အပေါ် တပ်လှန့်ထားသည်။ ထို့ကြောင့် လုံခြုံရေးများ တိုးမြှင့်ထားသည်။ သို့သော်လည်းအသေခံ ဗုံးခွဲသမားက အောင်မြင်စွာ ဗုံးခွဲခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့များနှင့် သက်ဆိုင်သည့် သတင်းများကို အသေခံဗုံးခွဲသမား ရရှိခဲ့သည့်အပေါ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။
ဒဏ်ရာရရှိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က ပြုလုပ်ခဲ့ကြောင်း ယခုအချိန်အထိ မသိရသေးချေ။
ဆင်ဟွာ