အစ္စလာမ္မာဘတ် ၂၇ ဇူလိုင်

တရုတ်နိုင်ငံ၏ ဂြိုဟ်တုလွှတ်တင်ရေးစခန်းကို အသုံးပြုကာ ၂၀၂၂ ခုနှစ်တွင်အာကာသသို့ ပထမဆုံးသော အာကာသယာဉ်မှူး စေလွှတ်မည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံက ကြေညာလိုက်သည်။

အိန္ဒိယနိုင်ငံက ဇူလိုင် ၂၂ ရက်တွင် လဆင်းယာဉ် ချန်ဒရာရန်း-၂ ကို အောင်မြင်စွာလွှတ်တင်ပြီးနောက် ပါကစ္စတန်နိုင်ငံ၏ အာကာသသို့ အာကာသယာဉ်မှူး စေလွှတ်မည့်ဆုံးဖြတ်ချက် ဖြစ်လာခဲ့ခြင်းဖြစ်သည်။ အာကာသသို့ စေလွှတ်မည့် အာကာသယာဉ်မှူးများ ရွေးချယ်သည့်လုပ်ငန်းစဉ်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှ စတင်မည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီး ဖာဝပ်ချောင်ဒရီက ပြောကြားသည်။

“အာကာသကိုစေလွှတ်မယ့် ပထမဆုံးသော ပါကစ္စတန်အာကာသယာဉ်မှူး ရွေးချယ်တဲ့လုပ်ငန်းစဉ်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာစတင်မယ်လို့ ကြေညာရတဲ့အတွက် ဂုဏ်ယူပါတယ်။ လူပေါင်း ၅၀ ကို ပဏာမအဆင့် ရွေးချယ်မှာဖြစ်ပြီး အဲဒီထဲက ပထမဆုံးသော ပါကစ္စတန် အာကာသ ယာဉ်မှူးကို ၂၀၂၂ ခုနှစ်မှာ အာကာသကို စေလွှတ်မှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းမှာ အကြီးကျယ်ဆုံးဖြစ်စဉ် ဖြစ်လာပါလိမ့်မယ်” ဟု ချောင်ဒရီက တွစ်တာ၌ ရေးသားခဲ့သည်

အာကာသ စေလွှတ်ရေးမစ်ရှင်အတွက် အာကာသယာဉ်မှူး ရွေးချယ်သည့်လုပ်ငန်းစဉ်တွင် ပါကစ္စတန်လေတပ်က ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်မည်ဟု ၎င်းကဆိုသည်။ “ပါကစ္စတန်လေတပ်က အာကာသယာဉ်မှူး ရွေးချယ်တဲ့လုပ်ငန်းစဉ်ကို ဦးဆောင်မှာပါ”ဟု ချောင်ဒရီ၏ပြောကြားချက်ကို ကိုးကား၍ Dawn News ဝက်ဘ်ဆိုက်က ဖော်ပြသည်။ လေယာဉ်မှူး အယောက် ၅၀ ကို ရွေးချယ်ကာ ၁၀ ဦးကို ပဏာမအဆင့် ရွေးချယ်မည်ဖြစ်သည်။ အဆိုပါ လေယာဉ်မှူး ၁၀ ဦးကို လေ့ကျင့်ပေးကာ တဖြည်းဖြည်း တစ်ဦးကိုရွေးချယ်၍ အာကာသသို့ စေလွှတ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပါကစ္စတန်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံမှ ပစ်လွှတ်ယာဉ်တစ်စင်း အသုံးပြုကာ ကမ္ဘာပတ်လမ်းကြောင်းအတွင်း ပြည်တွင်းဖြစ် ဂြိုဟ်တုနှစ်လုံး လွှတ်တင်ခဲ့သည်။ အဆိုပါဂြိုဟ်တုများကို တရုတ်နိုင်ငံ ဂိုဘီသဲကန္တာရ ရှိ ကျီကွင်းဂြိုဟ်တုလွှတ်တင်ရေးဌာနမှ SLong March (LM-2C)  ဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

ကိုးကား-ပီတီအိုင်

ဘာသာပြန်-ကျော်ထိုက်စိုး