အစ္စလာမ္မာဘတ် ဖေဖော်ဝါရီ ၂၈
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့၏ လက်နက်ကိုင်ပဋိပက္ခများမှာ ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းအထိ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ယင်းလက်နက်ကိုင် ပဋိပက္ခကြောင့် နှစ်ဖက်ထိခိုက် သေဆုံးသူပေါင်း ၃၂၀ ကျော်လွန်လာပြီဖြစ်ကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြ ထားသည်။
နယ်စပ်တစ်လျှောက် အစွန်းရောက် အကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှုများကို ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်လာရာမှ ဖေဖော်ဝါရီ ၂၆ ရက်တွင် နှစ်နိုင်ငံကြား လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန်စစ်ဘက်က အာဖဂန်နစ္စတန်နိုင်ငံ၏ မြို့တော် ကဘူးလ်နှင့် အခြားနေရာများကို ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။
ပါကစ္စတန်လုံခြုံရေး အာဏာပိုင်အဖွဲ့သည် အာဖဂန်နစ္စတန် နိုင်ငံအရှေ့ပိုင်း နန်ဂါဟာပြည်နယ်ရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံကို ပစ်မှတ်ထားကာ ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းက လေကြောင်း တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်။ အာဖဂန်နစ္စတန် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စစ်ရေးပဋိပက္ခ ဖြစ်ပွားမှုတွင် ပါကစ္စတန်နိုင်ငံ၌ တာဝန်ရှိကြောင်း သတင်းထောက်များကို ပြောကြားသည်။
ထို့ပြင် အာဖဂန်နစ္စတန်အစိုးရသည် တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် အငြင်းပွားမှုများကို ဖြေရှင်း ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားသည်။ တရုတ်၊ ရုရှားနှင့် တူကီယဲနိုင်ငံတို့က ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ပတ်သက်ပြီး သဘောတူညီမှုရယူရန် နှစ်နိုင်ငံစလုံးကို တောင်းဆိုထားသည်။
အင်န်အိတ်ချ်ကေ


